ပြင်ပကမ္ဘာနဲ့ ၂၆ နှစ်တိုင်တိုင် အဆက်သွယ်မရှိခဲ့တဲ့ ကမ္ဘာ့အထီးကျန်ဆုံး လူသား ကွယ်လွန်

30-8-2022-yyl-05.jpg

လူတစ်ယောက် သေဆုံးသွားတယ်။ သူ့နာမည်၊ အသက်၊ မျိုးနွယ်၊ သူပြောတဲ့ ဘာသာစကားကို မသိဘူး။ ဒါပေမဲ့ ဟိုးလေးတကျော်ကျော် ဖြစ်သွားတယ်။ ဘာကြောင့်လဲဆိုတော့ သူက ဘရာဇီးနိုင်ငံမှာ ပြင်ပကမ္ဘာနဲ့ အဆက်ဆံမလုပ်တဲ့ တိုင်းရင်းသားမျိုးနွယ်စုထဲမှာ နောက်ဆုံးကျန်နေသူမို့လို့ပါပဲ။

ပြင်ပကမ္ဘာနဲ့ ၂၆ နှစ်တိုင်တိုင် အဆက်သွယ်မရှိခဲ့လို့ ကမ္ဘာ့အထီးကျန်ဆုံး လူသားလို့ လူသိများတယ်။ သားကောင်တွေကို ထောင်ဖမ်းဖို့၊ သူ ပုန်းအောင်းဖို့ တွင်းတွေ တူးထားလေ့ရှိလို့ တွင်းလူသားလို့လည်း ခေါ်ကြတယ်။

သူ့ရဲ့ရုပ်အလောင်းကို သြဂုတ်လ ၂၃ ရက်က သူ့တဲအိမ်အပြင်ဘက် ပုခက်ထဲမှာ တွေ့ခဲ့တာပါ။ တိုက်ခိုက်ခံရတဲ့ လက္ခဏာမျိုး မတွေ့ရလို့ သွေးရိုးသားရိုး ကွယ်လွန်ခဲ့တာလို့ပဲ ယူဆထားကြပါတယ်။ သူ့အသက်က ၆၀ ဝန်းကျင်ရှိမယ်လို့ ခန့်မှန်းပါတယ်။

သူဟာ ဘိုလစ်ဗီးယားနိုင်ငံနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ ရွန်ဒိုနီယာပြည်နယ်က တာနာရူတိုင်းရင်းသားဒေသမှာ နေထိုင်တဲ့ မျိုးနွယ်ဝင်တွေထဲမှာ နောက်ဆုံးကျန်ရစ်သူပါ။

စားကျက်မြေ တိုးချဲ့ဖို့ ကြိုးစားကြသူတွေက ၁၉၇၀ ပြည့်နှစ် အတွင်း သူ့ရဲ့မျိုးနွယ်ဝင် အများစုကို သတ်ခဲ့ကြတယ်လို့ ယုံကြည်ထားကြပါတယ်။ ၁၉၉၅ ခုနှစ်မှာ တရားမဝင် မိုင်းတူးဖော်သူတွေက သူ့မျိုးနွယ်ဝင် ၆ ယောက်ကို ထပ်မံသတ်ဖြတ်ခဲ့ကြလို့ သူတစ်ယောက်တည်း ကျန်ရစ်ခဲ့တာပါ။

၁၉၉၆ ခုနှစ်ကျမှသာ သူ ကျန်ရှိနေသေးတာကို ဘရာဇီးတိုင်းရင်းသားရေးရာ အေဂျင်စီက သိသွားပြီး သူ့ရဲ့လုံခြုံရေးအတွက် စောင့်ကြည့်ပေးခဲ့တာပါ။

သူ့ရဲ့ခန္ဓာကိုယ်မှာ ငှက်မွေးတွေ ဖုံးနေတာ ကြည့်ခြင်းအားဖြင့် သူ သေတော့မယ်ဆိုတာကို ကြိုသိနေခဲ့တယ်လို့ တိုင်းရင်းသားရေးရာ ကျွမ်းကျင်ပညာရှင် မာဆယ်လိုက ဆိုပါတယ်။ သူ့ရဲ့ရုပ်အလောင်းကို မတွေ့ခင် ရက် ၄၀၊ ၅၀ အလိုကတည်းက သူ သေဆုံးခဲ့တာဖြစ်မယ်လို့လည်း ယူဆထားပါတယ်။

Ref: ‘Man of the Hole’: Last of his tribe dies in Brazil

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top