(၅) နှစ်ကလေးတစ်ယောက်ရဲ့အရပ်ထက်ရှည်တဲ့ ကမ္ဘာ့စံချိန်တင် သခွားသီးကြီးကို စိုက်ပျိုးနိုင်ခဲ့တဲ့ ဥယျာဉ်မှူး

30-8-2022-yyl-04.jpg

ပိုလန်နိုင်ငံက ဆီဘတ်ရှန် ဆူစကီး အမည်ရတဲ့ ဥယျာဉ်မှူးတစ်ဦးကတော့ ကမ္ဘာ့စံချိန်တင် အရှည်ဆုံးသခွားသီးကြီးကို စိုက်ပျိုးနိုင်ခဲ့ပါတယ်။ သူ့ရဲ့ကမ္ဘာ့အရှည်ဆုံးသခွားသီးကြီးက အရှည် ၃ ပေ ၈ လက်မနဲ့ အလေးချိန် ၁၇ ပေါင်ရှိပါတယ်။ ပုံမှန် (၅) နှစ်သားကလေးရဲ့အရပ်ထက် ပိုရှည်ပါတယ်။ သခွားသီးဆန်းဝှစ်အများကြီးလုပ်ဖို့တောင် လုံလောက်တယ်လို့ ဆိုရမှာပါပဲ။

ဆီဘတ်ရှန် စိုက်ပျိုးခဲ့တဲ့ သခွားသီးကြီးဟာ အရင်က ကမ္ဘာ့ဂင်းနစ်စံချိန်မှတ်တမ်းတင်ခဲ့တဲ့ သခွားသီးထက် ၂.၅ လက်မ ပိုရှည်ပါတယ်။ သူက ဒီသခွားသီးကြီးကို သူ့ရဲ့ဝေစုရမြေကွက်ထဲက ဖန်လုံအိမ်တစ်ခုမှာ စိုက်ပျိုးခဲ့တာပါ။ သူ့အောင်မြင်မှုရဲ့လျှို့ဝှက်ချက်က အဲဒါကို နေ့စဉ် ရေနွေးနွေးလေး သုံးပြီး စိုက်ပျိုးပေးခဲ့တာဖြစ်တယ်။ ရေအေးက အပင်ကို သေစေပြီး ရေအများကြီးမလောင်းဖို့လည်း ဂရုစိုက်သင့်တယ်။ တစ်နေ့ကို ရေပန်းခရား (၁) တစ်ခု (သို့) နှစ်ခု လောက်ဆို လုံလောက်တယ်လို့ ဆိုပါတယ်။

ဆီဘတ်ရှန်က ဒီသခွားသီးကြီးကို သူ့ရဲ့ကလေးအဖြစ်တောင် ရည်ညွှန်းပြောဆိုခဲ့ပါတယ်။ သူက အဲဒီသခွားသီးရဲ့အစေ့တွေကို သိမ်းထားမှာပါ။ ဒါမှ နောက်ထပ် သခွားသီးကြီးတွေကို စိုက်ပျိုးနိုင်မှာဖြစ်လို့ပါပဲ။ သခွားသီးရဲ့အသားကတော့ မှည့်လွန်းသွားရင် စားလို့မကောင်းတဲ့အတွက် မြေဆွေးပုံထဲ ထည့်မှာပါ။ အဲဒီမြေဆွေးက အခြားအပင်တွေကို အာဟာရဓာတ်အများကြီးရစေပါတယ်။

သူ ကမ္ဘာ့ဂင်းနစ်စံချိန်မှတ်တမ်းရတော့ အခြားဥယျာဉ်မှူးတွေကလည်း သူ့ဆီ လာပြီး ဂုဏ်ပြုကြပါတယ်။ သူ မအားတဲ့အချိန်မှာ သခွားပင်ကို ရေလောင်းပေးခဲ့တဲ့ သူ့ဇနီးဖြစ်သူ ရီနာတီကိုလည်း ဆီဘတ်ရှန်က ချီးကျူးခဲ့ပါတယ်။ “သူမရှိရင် ကျွန်တော် ဒီမှတ်တမ်းကို ရမှာမဟုတ်ပါဘူး”လို့ သူက ဆိုပါတယ်။

Ref: TheSun “GREEN GIANT I’ve grown the world’s longest cucumber – it’s taller than a five year old and call it my baby”

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top