၂၀၁၆ ခုနှစ်ကတည်းက ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားမြိုရှိ nomichi City Museum of Art ပြတိုက်ထဲ အကြိမ်ကြိမ်ဝင်ရောက်ဖို့ကြိုးစားပေမဲ့ လုံခြုံရေးဦးကြီးရဲ့တားဆီးဟန့်တားတာကို ခံခဲ့ရတဲ့ အနက်ရောင်ကြောင်လေးဟာ သေဆုံးသွားခဲ့ပါပြီ။ အဲ့ဒီကြောင်လေးရဲ့နာမည်က ကင်ချန်ပါ။ ကင်ချန်သေဆုံးသွားပြီဆိုတာကို ပြတိုက်က နိုဝင်ဘာ ၁၁ ရက်နေ့မှာ အသိပေးခဲ့တာပါ။


ကင်ချန်ဟာ ပြတိုက်အနီးနားက စားသောက်ဆိုင်ရဲ့ ကြောင်လေးပါ။ သူဟာ စက်တင်ဘာ ၂၀ ရက်နေ့က သေဆုံးသွားခဲ့တာပါ။ မသေဆုံးခင်က ဆေးကုသမှုခံယူနေခဲ့ရတာပါ။ သေဆုံးသွားတယ်ဆိုတာကို အသိပေးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့က နေ့ထူးနေမြတ်ဖြစ်ပါတယ်။ နိုဝင်ဘာ ၁၁ ရက်နေ့က ပြတိုက်ရဲ့မိသားစုဝင်တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့တဲ့ နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။ကင်ချန်နဲ့ ရှိခဲ့တဲ့ နေ့ရက်တွေကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူးလို့ ပြတိုက်က ရေးသားထားပါတယ်။


ကင်ချန် သေဆုံးသွားပြီဆိုတာ သိသွားခဲ့တဲ့ လူမှုကွန်ယက်အသုံးပြုသူတွေက ဝမ်းနည်းကြောင်းပြောဆိုခဲ့ကြသလို ပြတိုက်ရှေ့မှာ ကင်ချန်နဲ့ တွေ့ဆုံဖြစ်ခဲ့တဲ့အမှတ်တရတွေကိုလည်းမျှဝေခဲ့ကြပါတယ်။ ပြတိုက်ကလည်း ကင်ချန်ရဲ့အပြုအမူလေးတွေကို နှစ်တော်တော်ကြာ မှတ်တမ်းတင်ခဲ့ပါတယ်။


ပြတိုက်ထဲ ကင်ချန်ဝင်ဖို့ ကြိုးစားတိုင်း တားဆီးဟန့်တားခဲ့ရတဲ့ လုံခြုံရေးသမားအတွက် ကန်ချန်ဟာ ပျော်ရွှင်မှုကို ယူစောင့်လာပေးခဲ့တာပါ။ ကင်ချန်နဲ့ လုံခြုံရေးသမားတို့ဟာ နှစ်တော်တော်ကြာ ကြောင်နဲ့ကြွက်ဖြစ်ခဲ့တာပါ။ လုံခြုံရေးသမားက ကင်ချန်သေဆုံးသွားပြီးနောက်မှာ အခုလို ပြောထားပါတယ်။ “အခုအချိန်ထိတောင် အဲ့ဒီထောင့်နားကနေ ကင်ချန်လာနေသလို ခံစားနေရပါတယ်။ ကျွန်တော့်ကို တော်တော်လေးခင်တွယ်တဲ့ ပထမဆုံးကြောင်လေးပါ။ အမှတ်တရတွေအတွက် ကျေးဇူးတင်မိတယ်”လို့ ဆိုပါတယ်။

ပြတိုက်က ကင်ချန်ကို အမြဲအမှတ်တရနေစေဖို့ ကင်ချန်ပုံနဲ့ Tote Bag တွေလည်း ထုတ်လုပ်ထားပါတယ်။ ကင်ချန်နဲ့ လုံခြုံရေးသမားတို့အကြောင်းဟာဆိုရင် ” “Mr. Security Guard and the Cat”နာမည်နဲ့ Manga တောင်ထွက်ရှိခဲ့ပြီး ၂၀၂၁ ခုနှစ်က ရောင်းချခဲ့ပါတယ်။ ကင်ချန် သေဆုံးသွားပြီးတဲ့နောက်မှာတော့ ပြတိုက်က ကင်ချန်ရဲ့အကောင်းဆုံးဓာတ်ပုံတွေပါဝင်တဲ့ ၂၀၂၆ ပြက္ခဒိန်အခု ၅၀၀ ကို ထုတ်လုပ်ထားပြီးပါပြီ။

၂၀၁၆ခုနှစ်ကတည်းက ပြတိုက်ထဲ ဝင်ဖိုကြိုးစားခဲ့တဲ့ ကင်ချန်ဟာ ပြတိုက်ထဲ ဝင်နိုင်ခဲ့လားဆိုရင် ၂၀၁၈ ခုနှစ်က ပြတိုက်ထဲ ခဏလောက်တော့ ဝင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Ref: Ken-chan, the black cat that kept trying to enter museum in Japan since 2016, passes away
WL (ရိုးရာလေး)

