လူမှုကွန်ယက်မှာကြက်ဥရောင်းရင်း ကြက်ခြံလုပ်ငန်းလုပ်ဖို့ စိတ်ကူးမိခဲ့တဲ့ ကျောင်းသားလေး

12-10-2022-yyl-39.jpg

လွန်ခဲ့တဲ့ (၂) နှစ်က ဒါမီယန် မက်ကူလော့ချ်ဟာ သူ့ရဲ့ ၁၀ နှစ်သားလေးကို ဒေါ်လာ ၁၀၀၀ ချေးပေးခဲ့ပါတယ်။ အဲဒီတုန်းက သူ့သားဆီကနေ အဲဒီပိုက်ဆံပြန်ရဖို့လည်း မမျှော်လင့်ခဲ့ဘူး။ သူ့သား ကြက်ခြံလုပ်ငန်းစတင်မယ်လို့လည်း မသိခဲ့ဘူး။ အခုဆို သူ့သား ဖလက်ချာက အသက် ၁၂ နှစ်ရှိနေပြီး သူ ချေးပေးလိုက်တဲ့ ပိုက်ဆံနဲ့ အောင်မြင်တဲ့ ကြက်ခြံလုပ်ငန်းလုပ်ကိုင်နေပါပြီ။

ဖလက်ချာက သူ့မိသားစုမှာ ရှိတဲ့ ကြက် (၄-၅) ကောင်က ရတဲ့ကြက်ဥတွေကို ဖေ့စ်ဘွတ်ပေါ်တင်ရောင်းရင်း မမျှော်လင့်ဘဲ မြန်မြန်ကုန်သွားခဲ့ပြီး ဝယ်မယ်သူများလာတဲ့အတွက် ကြက်ခြံလုပ်ငန်းလုပ်မယ်ဆိုတဲ့ သူ့စိတ်ကူးက စတင်ပေါက်ဖွားလာခဲ့တာပါ။ အဲဒါနဲ့ သူ့စိတ်ကူးကို အကောင်အထည်ဖော်ဖို့အတွက် သူ့အဖေဆီက ပိုက်ဆံနည်းနည်းချေးခဲ့ပါတယ်။ သူ့အိမ်အနီးနားက ကြက်ခြံပိုင်ရှင် ဖိလစ် ဂလိုဗာဆီက ကြက် (၁၀) ကောင်ကို ၁၀ ဒေါ်လာစီနဲ့ ဝယ်ယူခဲ့တယ်။ အဲဒီနောက် ကြက်ဥရောင်းရတဲ့ငွေနဲ့ လိုအပ်တဲ့ပစ္စည်းတွေဝယ်ယူခဲ့တဲ့အပြင် သူ့အဖေဆီက ချေးထားတဲ့ငွေကိုလည်း ပြန်ပေးခဲ့ပါတယ်။

နောက်တော့ ဖလက်ချာရဲ့အိမ်နောက်ဖေးက ကြက်ခြံမှာ ကြက်တွေဟာ အကောင်ရေ ၅၀ ကနေ ၂၀၀၊ ၂၀၀ ကနေ ၅၀၀ အထိ ဖြစ်လာခဲ့ပါတယ်။ အခြားခြံဝိုင်းတစ်ခုမှာ အရွယ်ရောက်ပြီးသားကြက်မတွေနဲ့ ပြဖို့ထားတဲ့ အိမ်မွေးတိရစ္ဆာန်အနည်းငယ်ကိုလည်း ထားရှိထားပါတယ်။

ဖလက်ချာက သူ့ရဲ့ဝင်ငွေတွေကို ဂရုတစိုက်ကိုင်တွယ်ပြီး အသုံးလိုတဲ့ပစ္စည်းဝယ်ယူဖို့အတွက်ပဲ ငွေထုတ်တယ်လို့ သူ့အဖေက ဆိုပါတယ်။ ဖလက်ချာရဲ့အတွက်အချက်စွမ်းရည် တိုးတက်လာတယ်။ သူ့ရဲ့ဘတ်ဂျက်က ဘယ်လောက်လဲသိတယ်။ သူ လုပ်ဖို့ ဘယ်လောက်လိုမလဲ။ ဘယ်လောက်နဲ့ရောင်းရမလဲဆိုတာတွေ သိပါတယ်။ အစက ကြက်နဲ့ကြက်ဥတွေဝယ်ဖို့ ဈေးဝယ်သူတွေလာရင် တွေ့ရမှာ ကြောက်ရွံ့ခဲ့ဖူးပါတယ်။ အဲဒီအခါဆို သူ့အဖေကို အကူအညီတောင်းခဲ့ရပါတယ်။ အခုတော့ သူတို့တွေနဲ့လက်ဆွဲနှုတ်ဆက်ဖို့၊ ကြက်တွေအကြောင်း ပြောပြဖို့၊ ကြက်တွေကို ဘယ်လိုဂရုစိုက်စောင့်ရှောက်လဲဆိုတာ ပြောပြဖို့ မကြောက်တော့ပါဘူး။

ဖလက်ချာက ကိုယ်ပိုင်ခြံပိုင်ဆိုင်ရဖို့ ပိုက်ဆံလုံလုံလောက်လောက်စုပြီး မြေကွက်မဝယ်ခင် ကျောင်းပြီးတာနဲ့ ဆောက်လုပ်ရေးပိုင်းမှာ အလုပ်သင်အဖြစ် လုပ်ရဖို့ မျှော်လင့်နေပါတယ်။

Ref: Tasmanian schoolboy builds successful chicken farm from backyard

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top