နယ်စပ်ဒေသနှင့် ထိစပ်လျက်ရှိသည့် တိုင်းနှင့် ပြည်နယ် (၉) ခုတွင် တရားမဝင်ကုန်သွယ်မှုများ တားဆီးထိန်းချုပ်ရေးအထူးအဖွဲ့များဖွဲ့စည်း၍ ဖမ်းဆီးအရေးယူမှုများကိုဆောင်ရွက်ခဲ့ရာ ၂၀၁၉ ခုနှစ်၊ ဇွန်လအထိ ဖမ်းဆီးအရေးယူမှု(၆၆၉)ကြိမ်၊ ခန့်မှန်းတန်ဖိုးငွေကျပ် (၁၁.၈၂၈) ဘီလျံဖမ်းဆီးနိုင်ခဲ့ကြောင်း သြဂုတ် ၁၆ ရက်၊ နံနက်ပိုင်းကနေပြည်တော်တွင် ကျင်းပခဲ့သည့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။
အဆိုပါအစည်းအဝေးသို့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတဦးမြင့်ဆွေ တက်ရောက်ခဲ့ပြီး ၂၀၁၈ ခုနှစ် ကမ္ဘာ့တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအခြေအနေ အညွှန်းကိန်းတွင် မြန်မာနိုင်ငံသည် နိုင်ငံပေါင်း ၈၄ နိုင်ငံအနက် ၈၂ နေရာတွင် ရပ်တည်နေပြီးရမှတ် ၂၃ မှတ်သာရရှိသည်ကိုတွေ့ရှိရကြောင်း၊ တရားမဝင်ကုန်သွယ်မှုသည် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုအဓိကအဟန့်အတား ဖြစ်စေသောအချက်ထဲတွင် အဓိကကျသည့် အချက်တစ်ခုဖြစ်ကြောင်းပြောကြားခဲ့သည်။
KST (ရိုးရာလေး)