ကိုယ်တစ်ပိုင်းသေနေတဲ့အဖေကို တစ်ဦးတည်း သတ္တိရှိရှိ ပြုစု စောင့်ရှောက်ပေးနေတဲ့ ခြောက်နှစ်အရွယ် သမီးငယ်

181011_dad-e1552385170707.jpg

တစ်ခါတရံမှာ ကျွန်တော်တို့ဘဝတွေမှာ အခက်ခဲဆုံးအချိန်တွေဆိုတာ ကျွန်တော်တို့ကို အကြံ့ခိုင်ဆုံးဖြစ်အောင် အသွင်ပြောင်းပေးလိုက်ပါတယ်။ တရုတ်ပြည်က ခြောက်နှစ်အရွယ် ကလေးမလေးကတော့ ကြားကြား (Jia Jia ) လို့ ခေါ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်က ကြားကြားရဲ့ အဖေဖြစ်သူဟာ ကားမတော်တဆဖြစ်ပြီး ကိုယ်အောက်ပိုင်း အကြောသေသွားခဲ့ပါတယ်။

နောက် နှစ်လခွဲအကြာမှာပဲ မိသားစုကို တာဝန်မယူချင်တဲ့ မိခင်ဖြစ်သူဟာ ကြားကြားရဲ့အစ်ကိုကြီးကို ခေါ်ပြီး လူမမယ်လေး ကြားကြားနဲ့ လူမမာ လင်ယောကျာၤးကို စွန့်ခွာသွားခဲ့ပါတော့တယ်။

ဒီအချိန်မှာ ခြောက်နှစ်အရွယ်သာရှိသေးတဲ့ ကြားကြားဟာ ကလေးပီပီ ဆော့ကစားနေရမယ့်အချိန်ဖြစ်ပေမဲ့ အိပ်ရာထဲလဲနေရှာတဲ့ အဖေဖြစ်သူကို မလုပ်တတ်မကိုင်တတ် နဲ့ပဲ စောင့်ရှောက်ပေးရဖို့ဖြစ်လာပါတော့တယ်။ အောက်ပိုင်းသေနေတဲ့ အဖေအတွက် နေ့စဉ် ဗာဟီရတာဝန်တွေကို တစ်ချက် မညည်းညူဘဲ အဖေ့အတွက် မလစ်ဟင်းရအောင် ဂရုတစိုက်နဲ့ ပြုစုစောင့်ရှောက်ပေးနေပြီး အသက်ငယ်နုလှပေမယ့် နှလုံးသားအင်အားကြီးမားလှတဲ့ ကြားကြားပါ။ အရွယ်နဲ့မမျှဖြစ်နေတဲ့ ကြားကြားရဲ့ နေ့စဉ်လုပ်ငန်းကို တစ်ကမ္ဘာလုံးက မြင်တွေ့ရချိန်မှာတော့ ကြားကြားအတွက် ချီးမွမ်းမှုတွေထက်ကို ပိုခဲ့ရပါတယ်။

ကြားကြားဟာ မနက်ခြောက်နာရီဆိုတာနဲ့ ပုံမှန်အိပ်ရာထပြီး အဖေ့ရဲ့ခန္ဓာကိုယ်ကို သွေးလည်မှုကောင်းစေအောင် နာရီဝက်လောက် ခြေဆုပ်လက်နယ် ပြုပေးတယ်။ ပြီးတာနဲ့ မျက်နှာသစ်၊ သွားတိုက်ပြီး ကျောင်းသွားတယ်။ ကျောင်းကပြန်လာတာနဲ့ အဖေ့အတွက် ညစာပြင်ပေးပြီး ခွံ့ကျွေးတယ်။ ကြားကြားတို့အိမ်မှာ အဖေ့အတွက် ကြားကြားရဲ့အဖိုး ဖန်တီးပေးထားတဲ့ အိမ်တွင်းသုံး လက်လုပ်ဝန်ချီစက် အသေးစားလေးနဲ့ အဖေ့ကို အိမ်နဲ့ ခြံထဲနှံ့အောင် လိုက်ပြပေးတယ်။ ကြားကြားအတွက် အခက်ခဲဆုံးအချိန်ကတော့ အဖေ့ကို အိပ်ရာပေါ်ကနေ ဒီ ဝန်ချီစက်ကလေးအပေါ် အတင်အချ လုပ်ပေးရတဲ့အချိန်ပါပဲ။ အဖေ့ ခန္ဓာကိုယ်ကြီးကို ဝှီးချဲပေါ်ရွှေ့ပေးရ၊ ဝန်ချီစက်ပေါ်တင်ရ၊ အိပ်ရာပေါ်ပြန်တင်ရနဲ့ ကလေးနဲ့မလိုက်အောင် မနိုင်ဝန်ထမ်းနေရပေမဲ့” အဖေ့ကို ပြုစုပေးရတာလား၊ နည်းနည်းမှကို မမောပါဘူး ” လို့ ဆိုခဲ့တာ ကြားကြားကိုယ်တိုင်ပါပဲ။

ကြားကြားလေး ကျောင်းသွားနေချိန်မှာတော့ အဖိုးနဲ့အဖွားက ကြားကြားရဲ့အဖေကို လာပြီးစောင့်ရှောက်ကူပါတယ်။ ကြားကြားရဲ့ အဖေကတာ့ ကြားကြားကို အင်မတန် ကျေးဇူးတင်နေပြီး သမီးလေးဟာ သူ့အတွက် အားအကိုးရဆုံး ပါပဲလို့ ဆိုပါတယ်။

အဖေ့မှာ မုတ်ဆိတ်ကျင်စွယ်တွေ ရှည်လာတဲ့အခါလည်း ကြားကြားက မုတ်ဆိတ်ရိတ်ပေးတတ်နေပါပြီ။ ” အဖေက မျက်နှာကို ဓားထိပြီး သွေးထွက်သွားလည်း ရပါတယ် သမီးရယ် မနာပါဘူး လို့ ပြောတာပဲ။ အခုတော့ အဖေ့ကို မုတ်ဆိတ်ရိတ်ပေးရတာ ဓားမထိတော့ဘူး။ လွယ်လွယ်လေးဖြစ်သွားပါပြီ။ ” လို့ ကြားကြားက ပြောပါတယ်။ မိသားစုကို ဂရုမစိုက်တတ်ဘဲ စွန့်ခွာသွားခဲ့တဲ့ အမေ့ကို မလွမ်းပေမဲ့ သူအရမ်းချစ်တဲ့ အစ်ကိုကြီးကိုတော့ ကြားကြားဟာ လွမ်းနေရပါတယ်။

Ref: Dailymail “Six-year-old girl takes care of her paralysed father alone”

AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top