သင့်စိတ်ကျန်းမာရေးကောင်းမွန်စေဖို့ ခရီးသွားသင့်တဲ့ အချက် (၅) ချက်

42981088_2232119777006516_5185889928625520640_n.jpg

သီတင်းကျွတ်ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်တွေလာတော့မယ်။ ရိုးရာလေးရဲ့ပရိသတ်ကြီးရော ဘယ်ကိုသွားဖို့ အစီအစဉ်တွေ ဆွဲပြီးကြပြီလဲ။ ခရီးသွားတယ်ဆိုတာ ခန္ဓာကိုယ်ကျန်းမာရေးအတွက် ကောင်းတယ်ဆိုတာ လူတိုင်းသိပြီးသားဖြစ်ပေမဲ့ ကိုယ့်စိတ်လေးချမ်းသာဖို့အတွက် ခရီးသွားခြင်းကလည်း အထောက်အကူပြုတယ်ဆိုတာ သိကြပါရဲ့လား။

အောက်မှာ ဖော်ပြထားတဲ့ အချက် (၅) ချက်ကတော့ သိပ္ပံနည်းကျ စစ်တမ်းကောက်ယူထားတဲ့ ကောက်နုတ်ချက်တွေထဲက ဘာဖြစ်လို့ခရီးသွားတာဟာ သင့်ရဲ့စိတ်ကျန်းမာရေးနဲ့ခံစားချက်တွေအတွက်ကောင်းသလဲဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

(၁) စိတ်ဖိစီးမှသောကတွေ ဝေးဝေးပြေးစေတယ်

“အလုပ်ကရတဲ့ စိတ်ဖိစီးမှတွေနဲ့ နေ့စဉ် ဖြည့်ဆည်းနေရတဲ့ ဘဝရဲ့တောင်းဆိုချက်တွေကြောင့် တစ်ခါတလေ ကျွန်တော်တို့ဟာ ဘယ်အရာက ကိုယ့်အတွက် စိတ်ဝင်စားစရာကောင်းတာလဲ၊ ဘယ်အရာက ကိုယ့်ဘဝကို အဓိပ္ပာယ်ရှိစေတာလဲ ဆိုတာကိုတောင် သတိမရနိုင်ကြပါဘူး။ ဒါကြောင့်မို့ နေ့တိုင်း ပုံစံခွက်ထဲမှာပဲ ရှင်သန်နေရတဲ့ ကိုယ့်စိတ်လေးကို အနားကောင်းကောင်းယူစေပြီး ပြန်လည်အားပြည့်လာစေဖို့က သိပ်ကို အရေးကြီးပါတယ်“ လို့ ဆစ်ဖရန်စစ္စကိုအခြေစိုက် စိတ်ရောဂါဆရာဝန် ဒေါက်တာ တာမာရာ မက်ကလင်တော့ခ် (San Francisco-based clinical psychologist, Dr. Tamara McClintock) ကဆိုပါတယ်။ “ဒါ့အပြင် ခရီးသွားတာဟာ ပိုမိုပျော်ရွှင်စေပြီးတော့ စိတ်ညစ်စရာ ကိစ္စတွေကို မေလျော့စေပါတယ်။ ပိုကောင်းတာကတော့ ကိုယ့်ရ ဲ ့ ကိုယ်ပိုင်ရည်မှန်းချက်နဲ့ကိုယ့်ဝါသနာတွေ အကြောင်းလည်း ပြန်လည် ဆင်ခြင်သုံးသပ်မိစေပါတယ်” လို့ဒေါက်တာတာမာရာ က ဆက်လက်ပြောကြားခဲ့ပါတယ်။

(၂) စိတ်သစ် လူသစ် ဖြစ်အောင်လုပ်ပေးနိုင်တယ်

“နှစ်တစ်ရာလောက်ငြိမ်ငြိမ်ထိုင်နေတာထက် ခရီးလမ်းအရှည်ကြီးတစ်ခုကိုသွားတာကမှ သင့်အကြောင်းကို သင်ပိုသိနိုင်စေဦးမယ်” လို့ စာရေးဆရာ ပက်ထရစ် ရူ့ဖက်စ် (Patrick Rothfuss) ကပြောခဲ့ပါတယ်။ နိုင်ငံရပ်ခြားခရီးစဉ် အထူးသဖြင့် ယဉ်ကျေးမှု မတူညီတဲ့ နေရာတွေကို သွားလည်ခြင်းက ကိုယ့်ယဉ်ကျေးမှု အကြောင်း၊ ကိုယ့် နိုင်ငံအကြောင်းစဉ်းစားမိစေတဲ့အတွက် မိမိရဲ့ရှိရင်းစွဲ အမြင်တွေ၊ အတွေးတွေ ကိုယ်ပိုင်စံနှုန်းတွေ၊ တန်ဖိုးထားတဲ့ အရာတွေအပေါ် ပြန်လည်တွေးဆ ဆင်ခြင်ဖို့ အခွင့်အရေး ရစေပါတယ်။

(၃) ပျော်ရွှင်မှုနှင့် စိတ်ကျေနပ်မှုကိုပေးစွမ်းနိုင်တယ်

စဉ်းစားကြည့်ပါ။ ရုံးသွားစရာမလိုဘူး ဆိုတဲ့ အချက်တစ်ချက်နဲ့တင် တော်တော်ပျော်စရာကောင်းနေပါပြီ။ အဖြစ်အပျက်အသစ်တွေ၊ အတွေ့အကြုံအသစ်တွေဟာ ဦးနှောက်ရဲ့အလုပ်လုပ်ပုံကိုပြောင်းလဲစေတဲ့အတွက် အကောင်းမြင်စိတ်တွေ ဖြစ်ပေါ်စေတဲ့ အပြင် ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်းတိုးစေပါတယ်။ ဒီလို ပျော်ရွှင်စေတာဟာ ခရီးသွားနေတဲ့ အချိန်တစ်ခုတည်း မဟုတ်ပါဘူး။ ကော်နဲလ်တက္ကသိုလ် (Cornell University) ရဲ့လေ့လာတွေ့ရှိချက်အရ ဆိုရင် ခရီးမသွားခင် ကြိုတင်ပြင်ဆင်နေကတည်းက ပျော်ရွှင်တဲ့ ဟော်မုန်းတွေ ထွက်ရှိနေပါပြီလို့ ဆိုထားပါတယ်။

(၄) ကိုယ့်ရဲ့စိတ်ကို ပိုပြီး ကြံကြံ ခံနိုင်အောင်ပြင်ဆင်ပေးတယ်

ကိုယ်နဲ့သိပ်မရင်းနှီးတဲ့ နေရာတစ်ခု သွားရမယ်ဆိုကတည်းက သိစိတ်ကရော မသိစိတ်ကနေပါ တွေ့ကြုံ လာနိုင်တဲ့ အခက်အခဲတွေကို ရင်ဆိုင်ဖို့အတွက် ဒူပေနာပေခံနိုင်အောင် စပြီး ပြင်ဆင်ပါပြီ။ မရောက်ဖူးတဲ့ နေရာတစ်ခု၊ ပြီးတော့ လူစိမ်းတွေ ကြားထဲမှာ ပြဿနာတွေ ကြုံတွေ့ရတာဟာ သင့်ကို အခက်အခဲတွေကို ဖြတ်ထိုးညဏ်နဲ့ ဖြေရှင်းတတ်အောင်၊ ပတ်ဝန်းကျင်နဲ့နေသားတကျဖြစ်အောင် လေ့ကျင့်ပေးရာရောက်ပါတယ်။ ရောက်နေတဲ့ ပတ်ဝန်းကျင်နဲ့ ရေလိုက်ငါးလိုက်နေတတ်တာ၊ စိတ်ရှည်သည်းခံတတ်တာ၊ ကြုံလာတာတွေကို ခံနိုင်ရည်ရှိစေတာတွေဟာ ခရီးသွားတာကနေ ရလာမယ့်အရည်အချင်းတွေပါ။

(၅) တီတွင်ဖန်တီးနိုင်မှုအားကောင်းစေတယ်

တစ်နေ့တစ်နေ့အလုပ်သွား၊ နေ့လယ်ဆို ထမင်းစား၊ ပြန်ထိုင်၊ ပြီးတော့ အလုပ်ပြန် ဒီလိုပဲ သံသရာလည်နေတဲ့အချိန်မှာ ဦးနှောက်က သူ့အတွက်စိန်ခေါ်မှုမရှိတော့ လေးလံထိုင်းမှိုင်းလာတတ်ပါတယ်။ ကိုလံဘီယာစီးပွားရေးကျောင်းက ပါမောက္ခ အဒမ် ဂလန်စကီ (Adam Galinsky) ရဲ့ပြောကြားချက်အရ ကိုယ်နဲ့မရင်းနှီးတဲ့ နေရာကို လည်ပတ်ပြီး ဒေသခံပတ်ဝန်းကျင်နဲ့ တစ်သားတည်းဖြစ်အောင်နေနိုင်ခြင်းက ကိုယ့်စိတ်ကို ပြောင်းလွယ်ပြင်လွယ်စေပြီး အကြောင်းအရာတွေအပေါ် လေးလေးနက်နက် ဆက်စပ် တွေးခေါ်တဲ့ အကျင့်ဖြစ်စေတာကြောင့်တီထွင်ဖန်တီးမှုအသစ်တွေဖြစ်ပေါ်စေတယ်လို့ဆိုပါတယ်။

ရိုးရာလေးရဲ့ ပရိသတ်ကြီးလည်း ဒီသီတင်းကျွတ်အားလပ်ရက်မှာ ခရီးထွက်သင့်ကြောင်း ဆွဲဆောင်ဖို့ ကိုယ့်ဖေဖေ၊ မေမေ၊ မိသားစုနှင့် သူငယ်ချင်းတွေကို အောက်က comment box မှာ မန်းရှင်းခေါ်လိုက်ပါဦး။

Ref: “5 reasons why travel is good for your mental health”

Elsa (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top