ဟောင်ကောင်အခြေစိုက် ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုက ထုတ်လုပ်မည့် Line Walker 2 ရုပ်ရှင်ဇာတ်လမ်းကို ရန်ကုန်မြို့တွင် လာရောက်ရိုက်ကူးနေမှုကို ကြိုဆိုကြောင်း မြန်မာနိုင်ငံ၏ ကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမား ဖိုးသော်က ပြောကြားလိုက်သည်။
အဆိုပါရုပ်ရှင်ကို ဟောင်ကောင်မြို့ရှိ Shaw Brother Pictures Internation Ltd မှ ရိုက်ကူးနေခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် ပထမဦးဆုံးရိုက်ကူးသည့် Action ဇာတ်ကားတစ်ကား ဖြစ်လာခဲ့သည်။
“ဒီလိုဇာတ်ကားမျိုး မြန်မာနိုင်ငံမှာ လာရောက်ရိုက်ကူးတာ ကောင်းတဲ့လက္ခဏာပါ။ ဒီအတွက် ကျွန်တော်အနေနဲ့တော့ ကြိုဆိုပါတယ်”ဟု ဖိုးသော်ကဆိုသည်။ Line Walker 2 ရိုက်ကူးမှုနှင့် ပတ်သက်၍ အကောင်းမြင်သူများရှိသလို ရန်ကုန်မြို့ထဲရှိ လမ်းအချို့ အချိန်ပိုင်းပိတ်မှုကြောင့် ဝေဖန်မှုများလည်းရှိနေခဲ့သည်။
“ကျွန်တော်တို့အနေနဲ့ နေရာတိုင်း အဆိုးမြင်နေတာကို ပြောင်းလဲဖို့သင့်ပါပြီ။ Smart ဖြစ်အောင် မြင်တက်ဖို့လိုတယ်။ လတ်တလော အဖြစ်အပျက်ကိုပဲ ကြည့်တာမဟုတ်ဘဲ ရေရှည်ကို ကြည့်ပြီး သုံးသပ်တတ်ဖို့လိုပြီ။ ဖြစ်လာတဲ့ အကြောင်းအရာတွေထဲကနေ အမြတ်ထွက်အောင် လုပ်တတ်ဖို့လိုပါတယ်။ ရှေးရိုးစွဲတာတွေကိုပြင်သင့်တာပြင်ပြီး နိုင်ငံတကာမှာ ရင်ဘောင်တန်းနိုင်တဲ့ အဆင့်ဖြစ်အောင် ကဏ္ဍတိုင်းမှာလုပ်ဖို့ လိုအပ်နေပါတယ်။ အပြုသဘောဆောင်တဲ့ ဝေဖန်မှုမျိုးပိုလုပ်သင့်ပါတယ်” ဟု ဖိုးသော်က သုံးသပ်ပြောကြားခဲ့သည်။
Line Walker 2 ရုပ်ရှင်ကို မြန်မာနိုင်ငံတွင် လာရောက်ရိုက်ကူးနေမှုနှင့် ပတ်သက်၍ ၎င်းတို့ဆီမှ အတွေ့အကြုံအသစ်များရရှိနိုင်သလို မြန်မာရုပ်ရှင်လောကသားများအတွက် ဖိအားတစ်ခု ဖြစ်နိုင်သောကြောင့် တိုးတက်ပြောင်းလဲမှုတစ်ခုလည်း ဖြစ်သွားနိုင်သည်ဟု ဖိုးသော်က သုံးသပ်လိုက်သည်။
Line Walker 2 ရုပ်ရှင်တွင် မြန်မာအနုပညာရှင်များ ပူးပေါင်းပါဝင် သရုပ်ဆောင်လျက်ရှိပြီး ရုပ်ရှင်လောကမှဒါရိုက်တာအချို့နှင့် အနုပညာရှင်အချို့သည်လည်း ရိုက်ကွင်းသို့ သွားရောက် လေ့လာမှုများ ပြုလုပ်လျက်ရှိသည်။
Ref: ONE Championship
Team (ရိုးရာလေး)