လူတိုင်းမှာ ကိုယ်ဖြတ်သန်းခဲ့ရတဲ့၊ ဘယ်သူနဲ့မှမတူတဲ့ ကိုယ်ပိုင်ဘဝတွေရှိကြပါတယ်။ မတူညီတဲ့ မိသားစု၊မတူညီတဲ့အသိုင်းအဝိုင်း၊ မတူညီတဲ့ ဘဝဖြတ်သန်းပုံတွေကို အသီးသီးကြုံတွေ့ခဲ့ရတာဖြစ်တာကြောင့် မတူညီတဲ့အတွေးအခေါ်၊ မတူညီတဲ့ စိတ်ခံစားချက်တွေ ရှိနေကြပါတယ်။ မတူညီတဲ့အတွေးအမြင်တွေဖြစ်လာတာ ပြဿနာမရှိပေမဲ့ ဖြစ်ရပ်တစ်ခု၊ အကြောင်းအရာတစ်ခုခုကို စဉ်းစားသုံးသပ်ကြတဲ့အခါမှာ မတူညီတဲ့အတွေးအမြင်တွေကိုထည့်မတွက်ဘဲ မိမိအမြင်ကသာမှန်တယ်ဆိုတဲ့ တစ်ဖက်ပိတ်အယူအဆရှိနေမယ်ဆိုရင်တော့ ဒါဟာမှန်ကန်တဲ့နည်းလမ်းမဟုတ်ပါဘူး။
လူတိုင်းမှာ ကိုယ်ပိုင်ဝါးလုံးခေါင်းလေးတွေရှိကြပါတယ်။ အကျဉ်းအကျယ်ကွာကြပေမဲ့ အားလုံးကတော့ ကိုယ့်ဝါးလုံးခေါင်းထဲမှာကိုယ် လသာနေကြတာပါပဲ။ ကိုယ့်ထက်ပိုကျယ်တဲ့ ဝါးလုံးခေါင်းနဲ့ မတွေ့သေးခင်မှာ ကိုယ့်ဝါးလုံးခေါင်းကို ကျယ်လှပြီလို့ထင်တတ်ကြတယ်။ ကိုယ်မြင်တာ ကိုယ်ထင်တာကမှ အမှန်လို့ယူဆထားတာဟာ တော်တော်လေးမှားပါတယ်။ ကိုယ့်ရဲ့အမြင်က မှားနေတယ်လို့ မဆိုလိုပါဘူး။ ကိုယ့်တစ်ကိုယ်စာအတွက်တော့မှန်နေတယ်။ သူတစ်ပါးအတွက်တော့ မှားနေတတ်ပါတယ်။ ဒီလိုမှားနေတယ်ဆိုတာလည်း သူတို့အတွက်က သူတို့ရဲ့ အတွေးအမြင်နဲ့ သိနိုင်သလောက်၊ နားလည်နိုင်သလောက်၊ လက်ခံနိုင်သလောက်ပဲတတ်နိုင်တာကြောင့်ပါ။ မိမိကိုယ်တိုင်လည်း ကိုယ့်ဝါးလုံးခေါင်းထက်ကျယ်တဲ့ ဝါးလုံးခေါင်းနဲ့ တွေ့တဲ့အခါမှာ မှားနေတယ်ဆိုတဲ့အမြင်နဲ့ ပြန်ကြည့်ခံရမှာ ဖြစ်ပါတယ်။
လူတိုင်းမှာ ပုဂ္ဂလဓိဌာန်ဆိုတာရှိပါတယ်။ တစ်ကိုယ်ရည်စာအမှန်တရားပေါ့။ လူတိုင်းလူတိုင်းရဲ့ ပုဂ္ဂလဓိဌာန် တူသွားခဲ့ရင် ဓမ္မဓိဌာန် (အမှန်တရား) ဆိုပြီးသတ်မှတ်လိုက်တယ်။ ဒါဟာ မမှားပါဘူး။ တကယ်တမ်းက ဓမ္မဓိဋ္ဌာန်ဆိုတဲ့အရာဟာ မရှိနေပါဘူး။ ပုဂ္ဂလဓိဌာန်တွေတူသွားတာ၊ ဖြစ်သင့်တယ်လို့ လက်ခံပေးကြတာပဲရှိပါတယ်။ ကမ္ဘာကြီးဟာ အပြားကြီးဖြစ်တယ်လို့ လူသားအားလုံးယူဆခဲ့ကြဖူးတဲ့အချိန်ကို ပြန်တွေးကြည့်ပါ။ အားလုံးရဲ့ အမြင်တွေတူနေခဲ့လို့သာ ဒါအမှန်တရားလို့ လက်ခံပေးခဲ့ကြတာပါ။ အဓိက က လူများစုပါ။ လူများစုလက်ခံတဲ့ ကိစ္စဆိုရင် လူတော်တော်များများက အလိုလိုလက်ခံပေးလေ့ရှိကြပါတယ်။ အကယ်၍ မှားခဲ့သည်ရှိသော် အတူတူ အကုန်မှားကြတာမို့ ပြသနာမရှိလှပါဘူး။ ဒါကြောင့်လည်း လူအများစုဟာ ကိုယ်တိုင်တွေးခေါ်စဉ်းစားခြင်းမပြုပဲ လူအများလက်ခံထားတဲ့ကိစ္စတွေဆို လွယ်လင့်တကူ လက်ခံလိုက်လေ့ရှိတာဖြစ်ပါတယ်။
ကျွန်တော်တို့တွေဟာ ကိုယ်လိုချင်တာ၊ ကိုယ်ဖြစ်တာကိုပဲ သိပြီး သူတစ်ပါးမှာ ဘယ်လိုအခက်အခဲတွေ ရှိနေတယ်ဆိုတာ အများအားဖြင့် ထည့်စဉ်းစားလေ့မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့မှာ အဲဒီလိုအခက်အခဲမျိုးမကြုံဖူးကြလို့ပါ။ ကျွန်တော်တို့ဟာ အဲဒီလို ပြဿနာကိုမဖြေရှင်းဖူးသေးလို့ပါ။ ဥပမာ ကျွန်တော်တို့တွေဟာ ကိုယ့်ပတ်ဝန်းကျင်၊ ကျွန်တော်တို့မြို့၊ ကျွန်တော်တို့ နိုင်ငံကြီးကို သန့်ရှင်းစေချင်ကြတယ်။ ဒါပေမဲ့ အမှိုက်တွေလမ်းပေါ်ပစ်ချနေတုန်း၊ ကွမ်းတံတွေးတွေ လျောက်ထွေးနေတုန်းပါပဲ။ ဒါဟာ လူအများစု လုပ်လေ့ရှိတဲ့ကိစ္စပါ။ အဲဒါကို သူများတွေတောင် လုပ်နေသေးတာပဲ၊ ငါတစ်ယောက်ထပ်လုပ်လို့ ပြဿနာမရှိလှဘူးလို့ မထင်မိပါနဲ့။ တစ်ယောက်ပေါင်းများစွာဖြစ်လာရင် လူတိုင်းဆိုပြီး ဖြစ်လာပါလိမ့်မယ်။
လူအများစုရဲ့ အတွေးအမြင်တွေဟာ မှားယွင်းတတ်လေ့ရှိပါတယ်။ ရှေ့မှာဖော်ပြခဲ့သလို ဒါက လူ့သဘာဝစိတ်ဖြစ်ပါတယ်။ ကိုယ်ပိုင်အတွေးအခေါ်ကို လက်သင့်ခံပါ။ မှားတယ်လို့ ယူဆလာမိတဲ့အချိန်မှာလည်း မှားတာကိုလက်ခံပေးနိုင်ရပါမယ်။ ကိုယ့်ကိုယ်ပိုင် ဝါးလုံးခေါင်းကို ယုံကြည်ပါ။ ကိုယ့်ကိုယ်ပိုင်အတွေးအခေါ်နဲ့ မှားယွင်းသွားရင်တောင် တစ်ပါးသူကြောင့် မှားရတာမဟုတ်ရင် နောင်တရတာ သက်သာပါတယ်။ ဒါဟာ ဘုရားဟောအရကော၊ လောကနိယာမအရကော မှန်ကန်နေတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ မိမိကိုယ်ပိုင်အတွေးအမြင်ကို တန်ဖိုးထားပြီး မှန်ကန်စွာ ဆုံးဖြတ်နိုင်ကြပါစေ။
Zuluu (ရိုးရာလေး)