ရေနစ်နေသူကို ရေကူးကန် အောက်ခြေအထိ သတ္တိရှိရှိ ဆင်းကယ်တဲ့ (၁၁) နှစ်သား

nandikotkur040119a.jpg

အသက် (၁၁) နှစ်အရွယ်ရှိတဲ့ ကောင်လေးတစ်ယောက်က ရေကူးကန်ထဲမှာ ရေနစ်နေသူကို ရေကူးကန် အောက်ခြေအထိ ခုန်ဆင်းပြီးကယ်ဆယ်ခဲ့တဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ကောင်လေးဟာ သူ့ခန္ဓာကိုယ်ထက် နှစ်ဆရှိတဲ့ အသက် ၃၄ နှစ်အရွယ်လူကြီးကို ကယ်ဆယ်နိုင်ခဲ့တာဖြစ်ပါတယ်။

အဒ်ဗေးခ်နန်ဒီကော့တ်ကာ (Advaik Nandikotkur) ဟာ မင်နီဆိုတာပြည်နယ်၊ စိန့်ပေါမြို့မှာ နေထိုင်ပြီး သူ့မိသားစုထဲမှာတော့ သူတစ်ယောက်တည်းသာ ရေကူးတတ်တာပါ။

အဒ်ဗေးခ်ရဲ့မိခင်က ရေကန်အောက်ခြေမှာ ပါးစပ်ဟပြီး လက်တွေဆန့်ဆန့်ကြီး ဖြစ်နေတဲ့သူ တစ်ယောက်ကို တွေ့လိုက်ရပြီး အဲဒီလူဟာ ရေအနက် ရှစ်ပေမှာ မြုပ်နေခဲ့တာပါ။ လှမ်းအော်ပြီး အကူအညီတောင်းတဲ့အခါ အနားပတ်ဝန်းကျင်မှာရှိတဲ့ လူကိုးယောက် ရောက်လာကြပါတယ်။ ဒါပေမဲ့ သူတို့အားလုံး တစ်ယောက်မှ ရေမကူးတတ်ကြပါဘူး။

သူ့ရဲ့အမျိုးသားက ရေပေါ်လှေနဲ့ ကယ်ဖို့လုပ်ပါသေးပေမဲ့ ကန်အောက်အထိသွားဖို့က မဖြစ်နိုင်ပါဘူး။ ဒါနဲ့ပဲ သူက သားဖြစ်သူကို သွားကယ်ဖို့ ပြောရပါတော့တယ်။ လွန်ခဲ့တဲ့သုံးနှစ်က အိန္ဒိယကနေ မင်နီဆိုတာကို ပြောင်းလာတုန်းက အဒ်ဗေးခ်က ရေကူး လေ့ကျင့်ဖူးပါတယ်။ ‘ကျွန်မသားလေး ကန်အောက်အထိ ရေကူးသွားပြီး ကွင်းလေးတွေ သွားစု၊ ပြန်တက်လာတာကို ကျွန်မ ဖြတ်ခနဲ သတိရမိလိုက်တယ်’ လို့ ပြောပါတယ်။

အဒ်ဗေးကတော့ ပေါင် ၈၀ ပဲရှိတာမို့ သူ့ထက်ပေါင် ၁၀၀ လောက် ပိုလေးတဲ့ လူကြီးကို သွားကယ်ရမှာ မနိုင်မှာစိုးပြီး စိတ်ပူနေပါတယ်။ ဒါပေမဲ့ သူဟာ ရေနစ်နေတဲ့သူကို ရေမျက်နှာပြင်ပေါ်ထိ ပါလာအောင် လက်နဲ့ဆွဲယူလာနိုင်ခဲ့ပါတယ်။ သူ့အဖေကော အိမ်နီးချင်းတွေကပါ သူတို့ နှစ်ယောက်လုံး ရေကန်အစွန်းထိ ရောက်လာအောင် ဝိုင်းပြီး ကူညီခဲ့ပါတယ်။

သုံးမိနစ်လောက်အကြာမှာ ကယ်ဆယ်ခံရတဲ့လူဟာ မျက်လုံးတွေ ပွင့်လာပြီး လက်တွေလည်း လှုပ်ရှားလာပါတယ်။ အဲဒီအချိန်မှာပဲ သူနာပြုတွေ ရောက်လာပြီး သူ့ကို အောက်စီဂျင်ပေးပြီး ဆေးရုံကို ခေါ်သွားခဲ့ကြပါတယ်။

ရဲအရာရှိတစ်ဦးက ‘ကလေးတစ်ယောက်က ရေကန်ထဲခုန်ဆင်းပြီး လူကြီးတစ်ယောက်ကို ဆင်းကယ်တာ တစ်ခါမှ မကြားဖူးပါဘူး… ခုက ပထမဆုံးပါ’ လို့ ပြောပါတယ်။ တခြား ရဲအရာရှိတွေကတော့ ဒီလူအသက်ရှင်တာ တကယ်ကံကောင်းတယ်လို့ ဆိုပါတယ်။ ရဲအရာရှိတွေက အဒ်ဗေးခ်ရဲ့ သူရဲကောင်းဆန်တဲ့ အပြုအမူကိုလည်း ဝိုင်းပြီး ချီးကျူးကြပါတယ်။

အဒ်ဗေးခ်ရဲ့မိဘတွေဟာလည်း အရမ်းပျော်ရွှင်ခဲ့နေကြပြီး ‘ကျွန်တော်တို့ သားလေးရဲ့လုပ်ရပ်ကို အမြဲဂုဏ်ယူပြီး သတိရနေမှာပါ… သူ့ကို ရေကူးသင်တန်းတွေ၊ ကိုယ့်ကိုယ်ကိုယ် အသက်ရှင်နိုင်ဖို့ တတ်မြောက်ထားသင့်တဲ့အရာတွေ သင်ပေးသင့်ပါတယ်’ လို့ အဒ်ဗေးခ်ရဲ့မိဘတွေက ဆိုပါတယ်။

နောက်နေ့မှာတော့ ကယ်ဆယ်ခံရတဲ့လူက အဒ်ဗေးခ်တို့မိသားစုကို ကျေးဇူးတင်စကား သွားပြောခဲ့တဲ့အပြင် အဒ်ဗေးခ်ကို ကျေးဇူးတင်တဲ့အနေနဲ့ ဒေါ်လာ ၅၀ တန် ဈေးဝယ်ကဒ်ကို လက်ဆောင်ပေးခဲ့ပါသေးတယ်။ အဒ်ဗေးခ်ကတော့ သူကယ်လိုက်တဲ့သူ အသက်ရှင်နေသွားနိုင်တာကို ဝမ်းသာမဆုံး ဖြစ်နေပါတယ်။

Ref: CNN “11-year-old boy pulls a drowning man from the bottom of a pool and saves his life”

Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top