သကြားအများကြီးစားသုံးခြင်းက ကင်ဆာဆဲလ်တိုးပွားလာစေနိုင်တယ်လို့ လေ့လာချက်သစ်က ဆို

14-12-2020-yyl-022.jpg

ကျန်းမာရေးနဲ့ပတ်သက်လာရင် သကြားက ကောင်းတဲ့အရာတော့မဟုတ်ပါဘူး။ သကြားဓာတ်၊ အချိုဓာတ်တွေက ဝက်ခြံပေါက်တာ၊ ဆီးချိုရောဂါ အမျိုးအစား (၁) နဲ့ နှလုံးရောဂါတွေဖြစ်လာနိုင်ခြေများစေပါတယ်။ ဒီကြောင်းအရင်းတွေနဲ့တင်မလုံလောက်သေးဘူးဆိုရင် နောက်ထပ်အကြောင်းအရင်းရှိပါတယ်။ ဘယ်လ်ဂျီယမ်က သုတေသီတွေရဲ့လေ့လာချက်အရ သကြားဓာတ်၊ အချိုဓာတ်က ခန္ဓာကိုယ်အတွင်း ကင်ဆာအကျိတ်ကြီးထွားမှုကို လှုံ့ဆော်ပေးနိုင်တယ်လို့ သိရပါတယ်။

သကြားဓာတ်၊ အချိုဓာတ်က သင့်ကို ဘယ်လိုသက်ရောက်မှုရှိလဲ

Nature Communication ဂျာနယ်မှာ ပါဝင်တဲ့ ၉ နှစ်တာ လေ့လာချက်မှာ သုတေသီတွေက ဓာတ်ခွဲခန်းမှာ ကင်ဆာဆဲလ်တွေလို ပြုမှုတဲ့ Yeast Cell တွေကို အနီးကပ်လေ့လာစမ်းသပ်ခဲ့ပါတယ်။ လေ့လာချက်အပြီးမှာ Yeast cell ဖြစ်ပေါ်လာစေတဲ့ဖြစ်စဉ်က ဆဲလ်တွေ ပိုပွားများလာစေတယ်လို့ ဆိုထားပါတယ်။ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ ကင်ဆာဆဲလ်တွေက အချဉ်ဖောက်ထားတဲ့သကြားကနေ စွမ်းအင်ရရှိတာဖြစ်ပါတယ်။ ဒီဖြစ်စဉ်က ခန္ဓာကိုယ်အတွက် ဂလူကို့စ်ကနေ စွမ်းအင်ပြောင်းလဲဖို့အတွက် အောက်စီဂျင်အသုံးပြုတဲ့ ကင်ဆာမဟုတ်တဲ့ဆဲလ်တွေကြီးထွားမှုလိုမျိုးမဟုတ်ပါဘူး။ ကျွန်တော်တို့ အချိုဓာတ်၊ သကြားဓာတ်တွေကို အများကြီးစားသုံးမယ်ဆိုရင် ခန္ဓာကိုယ်မှာ ရှိပြီးသား ကင်ဆာဆဲလ်တွေကို နိုးဆွနေပြီး အကျိတ်ကြီးထွားမှုမြန်လာစေတယ်လို့ သုတေသီတွေက ဆိုပါတယ်။

အရင်က လေ့လာချက်တွေ

ဒါက သကြားဓာတ်၊ အချိုဓာတ်တွေနဲ့ ကင်ဆာဆဲလ်ကြီးထွားမှုတို့ဆက်စပ်နေတယ်ဆိုတဲ့ ပထမဆုံးလေ့လာချက်မဟုတ်ပါဘူး။ အရင်ကပြုလုပ်ခဲ့တဲ့ အလားတူလေ့လာချက်ကလည်း သကြားပမာဏ အများကြီးစားသုံးတာက အစာမျိုပြွန်ကင်ဆာအပါအဝင် အမျိုးအစားတူကင်ဆာတွေဖြစ်လာနိုင်ချေများတယ်လို့ ဆိုထားပါတယ်။ သကြားအများကြီးစားတာကလည်း ကိုယ်အလေးချိန်တက်လာစေပြီး အဝလွန်ရောဂါ၊ ဆီးချိုရောဂါ၊ ကင်ဆာရောဂါဖြစ်လာနိုင်ချေများတယ်လို့ ဆိုပါတယ်။ ကင်ဆာဆဲလ်တွေက အဲဒီလိုဘာလို့ပြုမှုတာလည်းဆိုတာကတော့မရှင်းလင်းသေးပါဘူး။ ဒါပေမဲ့ ဒီလေ့လာချက်က ကင်ဆာရောဂါသည်တွေအတွက် တစ်နေ့တာအစားအစာကို စီစဉ်တဲ့အခါ အကူအညီဖြစ်စေနိုင်မယ်လို့ ယုံကြည်ထားပါတယ်။

သကြား၊ အချိုတွေမစားဘူးဆိုရင် သင့်ခန္ဓာကိုယ်က ဘယ်လိုဖြစ်လာမလဲ

သကြား၊ အချိုတွေမစားဘဲ ဖြတ်တောက်ပစ်ဖို့ဆိုတာ အရမ်းစိန်ခေါ်မှုများပါတယ်။ ဒါပေမဲ့ သကြားအများကြီးမစားတော့ဘဲ နည်းနည်းပဲစားဖြစ်လာမယ်ဆိုရင် သင့်ကျန်းမာရေးနဲ့အသားရေဟာ တဖြည်းဖြည်း တိုးတက်လာမှာဖြစ်ပြီး ကွဲပြားခြားနားမှုကို အလွယ်တကူမြင်တွေ့ရပါလိမ့်မယ်။ အခုပြောမယ့်အရာတွေက သကြား၊ အချိုတွေမစားတော့ဘူးဆိုရင် ဖြစ်လာနိုင်တဲ့ ကောင်းကျိုးတွေပါ။

  • အသားရေကောင်းမွန်လာမယ်။ သင့်သွေးလမ်းကြောင်းမှာ သကြားပမာဏများတာက အသားရေရဲ့ကိုလာဂျင်ဓာတ်ကို ပြင်ဆင်ဖို့ အဟန့်အတားဖြစ်နိုင်ပါတယ်။ အသားရေရဲ့ကျုံ့ဆန့်နိုင်မှုကို လျော့နည်းသွားစေပြီး အရေးအကြောင်းတွေဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် သကြားစားသုံးမှုပမာဏကို လျော့ချလိုက်မယ်ဆိုရင် သင့်အသားရေက ပိုပြီးနုပျိုလာပြီး အိုမင်းရင့်ရော်မှုကို နှေးကွေးစေတယ်လို့ လေ့လာချက်က ဆိုပါတယ်။
  • ကယ်လိုရီတွေ လျော့နည်းလာမယ်။ သကြားအစားများတာက ကိုယ်အလေးချိန်တက်တာနဲ့ ဆက်စပ်ပါတယ်။ သကြားနဲ့အချိုဓာတ်စားသုံးချင်စိတ်ကို ထိန်းချုပ်နိုင်မယ်ဆိုရင် သင့်ခန္ဓာကိုယ်က အဆီတွေ၊ အထူးသဖြင့် ဝမ်းဗိုက်က အဆီတွေကို လျော့ချဖို့အတွက် ပိုလွယ်ကူလာစေနိုင်ပါတယ်။
  • အားအင်တွေ အချိန်အကြာကြီးပြည့်နေမယ်။ သကြားဓာတ်၊ အချိုဓာတ်တွေက အစာချေဖျက်မှုမြန်ပြီး သွေးအတွင်း မြန်မြန်ဆန်ဆန်ဝင်ရောက်နိုင်ပါတယ်။ ဒါပေမဲ့ သကြားဓာတ်တွေ ဇီဝဖြစ်စဉ်အရ စွန့်ထွက်လိုက်တဲ့အခါ အားအင်တွေကုန်ခန်းလာစေပါတယ်။ သင့်ကောင်းကျိုးအတွက် အချိုနဲ့သကြားဓာတ်ပါတာတွေကို မစားသုံးတော့ဘဲ စွန့်လွှတ်လိုက်မယ်ဆိုရင် ဒီပြဿနာနဲ့ ကြုံတွေ့ရနိုင်မှာမဟုတ်ပါဘူး။

Ref: Excess intake of sugar can multiply cancer cells, claims a new study
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top