သွေးတွင်းအချိုဓာတ်ကို များစေနိုင်သည့် လူသိနည်းသော အချက်များ

20-11-2020-yyl-001.jpg

ဆီးချိုရောဂါရှိတဲ့သူတွေဟာ တစ်နေ့တစ်နေ့ သူတို့ရဲ့ရောဂါအတွက် ဆေးဝါးတွေအပြင် အစားအသောက်၊ အနေအထိုင်ကစ သေသေချာချာ ဂရုစိုက်ကြရပါတယ်။ ယခုလို covid အချိန်မှာဆို ဆေးရုံ၊ဆေးခန်းလည်း သွားရတာအဆင်မပြေတာကြောင့် များသောအားဖြင့် ဆီးချိုရောဂါရှင်တွေဟာ အိမ်မှာ ကိုယ်ပိုင်စက်ကလေးတွေနဲ့ ပုံမှန်လေးဖောက်ပြီး စစ်ဆေးနေကြရပါတယ်။

သွေးတွင်းအချိုဓာတ်ကို ထိန်းနိုင်ဖို့က အစားအသောက်၊ လေ့ကျင့်ခန်း၊ ဆေး စတဲ့ အချက်တွေကို ဂရုစိုက်ကြရမယ်ဆိုတာ အတော်များများသိနားလည်ကြပါတယ်။ တချို့က ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဆေးသေချာသောက်၊ အစားအသာက်ဆင်ခြင်ပြီး လေ့ကျင့်ခန်းတွေလည်း ပုံမှန်လုပ်နေပါလျက်နဲ့ အိမ်မှာ စစ်ဆေးကြည့်တဲ့အခါ သွေးတွင်းအချိုဓာတ်များနေတာတွေကို တွေ့ရတာမျိုး ကြုံတွေ့ဖူးကြမှာပါ။ ဒါ့ကြောင့် ဒီနေ့ဆောင်းပါးလေးမှာတော့ အထက်ပါအချက်တွေအပြင် သွေးတွင်းအချိုဓာတ်ကို များစေနိုင်တဲ့ အခြားအကြောင်းအရာလေးတွေကို မျှဝေပေးသွားချင်ပါတယ်။

သွေးတွင်းအချိုဓာတ်ကို များစေနိုင်သည့် လူသိနည်းသော အချက်များ

၁။ စိတ်ဖိစီးမှုများခြင်း

အထူးသဖြင့် ဆီးချိုအမျိုးအစား ၂ ရှိတဲ့ သူတွေမှာ စိတ်ဖိစီးမှုများနေတဲ့အခါ သွေးတွင်းအချိုဓာတ်ကို တက်စေနိုင်တဲ့ ဟော်မုန်းလေးတွေ ထွက်လာတဲ့အတွက် သွေးဖောက်စစ်ကြည့်တဲ့အခါ အချိုဓာတ်လည်း များနေနိုင်ပါတယ်။ ဒါ့ကြောင့် စိတ်ဖိစီးမှုတွေကို တတ်နိုင်သမျှနည်းအောင်နေဖို့ လိုအပ်ပါတယ်။ အခုလို covid အချိန်မှာဆို ဆီးချိုရှိတဲ့သူတွေအနေနဲ့ အခြားသူတွေထက် ပိုပြီး စိတ်ပင်ပန်းနေနိုင်တာကြောင့် စိတ်ဖိစီးမှု လျှော့ချနိုင်ဖို့ တရားထိုင်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်း၊ ယောဂ ကျင့်ခြင်း၊ သီချင်းနားထောင်ခြင်း၊ စာဖတ်ခြင်း စတဲ့ အလေ့အကျင့်တွေကို ကြိုးစားကြည့်သင့်ပါတယ်။

၂။ အိပ်ရေးပျက်ခြင်း

အိပ်ရေးဝဝ အိပ်ဖို့က လူတိုင်းရဲ့ ကိုယ်၊ စိတ်ကျန်းမာရေး နှစ်ခုစလုံးအတွက် အရေးကြီးပါတယ်။ ဆီးချိုရှိတဲ့ သူတွေအတွက်ဆိုရင် ပိုလို့တောင်မှ အရေးကြီးပါတယ်။ အိပ်ရေးဝမှ ခန္ဓာကိုယ်က လုပ်ငန်းဆောင်တာအားလုံးကို ကောင်းကောင်းလုပ်နိုင်မှာပါ။ ဒါ့အပြင် အိပ်ရေးပျက်မယ်ဆိုရင် ဟော်မုန်းတွေပြောင်းလဲခြင်းတွေ ဖြစ်ပြီး သွေးတွင်းအချိုဓာတ်လည်း များလာနိုင်တာကြောင့် တစ်နေ့ကို အနည်းဆုံး ၈နာရီခန့် အိပ်ကြဖို့ မမေ့ပါနဲ့နော်။

၃။ ဖျားနာခြင်း

နေထိုင်မကောင်းဖြစ်နေတဲ့အချိန်၊ ဖျားနေတဲ့အချိန်တွေမှာလည်း သင့်ရဲ့ ခန္ဓာကိုယ်က ဖျားနာမှုတွေကို တိုက်ထုတ်နေရပြီး အဲဒီအချိန်တွေမှာ သွေးတွင်းအချိုဓာတ် မြင့်တက်နေနိုင်ပါတယ်။ စတီးရွိုက်တွေ၊ diuretic ဆီးဆေးတွေ၊ နှာစေးပျောက်ဆေး၊ ယားနာပျောက်ဆေးနဲ့ အချို့ဆေးတွေက သွေးတွင်းအချိုဓာတ်အပေါ် သက်ရောက်မှုရှိနိုင်တာကြောင့် ဆီးချိုရှိတဲ့သူတွေ ဖျားတဲ့အခါ စပ်ဆေးတွေ မသောက်ဘဲ ဆရာဝန်နဲ့ သေချာပြသဖို့လိုအပ်ပါတယ်။

၄။ ဆေးသောက်ချိန်မမှန်ခြင်း

ဆေးတွေကို သောက်ရမယ့်အချိန်မသောက်မိဘူးဆိုရင် ဆေးအာနိသင်လွတ်သွားတဲ့အချိန်တွေမှာ သွေးတွင်းအချိုဓာတ်မြင့်နေနိုင်ပါတယ်။ ဒါ့ကြောင့် ဆေးတွေကို သောက်နေရုံနဲ့ မပြီးဘဲ ဆရာဝန်ညွှန်ကြားတဲ့အတွင်း အချိန်မှန်မှန်၊ ပမာဏမှန်မှန် သောက်ဖို့ကိုလည်း သတိပြုကြဖို့ တိုက်တွန်းချင်ပါတယ်။

၅။ caffeine (သို့) ကော်ဖီ

Caffeine ပါတဲ့ အစားအသောက်တွေအပြင် ကယ်လိုရီ မပါတဲ့ black coffee တွေကို သောက်မယ်ဆိုရင်တောင် သွေးတွင်းအချိုဓာတ်ကိုများစေနိုင်တဲ့အတွက် ကော်ဖီကြိုက်တတ်တဲ့သူတွေ၊ မနက်ခင်းတိုင်း ကော်ဖီတစ်ခွက်ပါမှ အဆင်ပြေတဲ့သူတွေဆိုရင်တော့ caffeine ကို တဖြည်းဖြည်း နည်းနိုင်သမျှနည်းအောင် လျှော့ချဖို့ လိုအပ်ပါတယ်။

ဆီးချိုရှိတဲ့သူတွေအနေနဲ့ ဆရာဝန်ညွှန်ကြားချက်တွေကို လိုက်နာပြီး ရက်ချိန်းတိုင်းပုံမှန်ပြဖို့ကတော့ အရေးကြီးဆုံး အချက်ပါပဲနော်။ ဒါ့အပြင် ဆေးပုံမှန်သောက်၊ အစားအသောက် ဆင်ခြင်၊ လေ့ကျင့်ခန်းတွေ လုပ်ရုံသာမက ဒီဆောင်းပါးလေးက အချက်လေးတွေကိုလည်း သိထားပြီး ဂရုစိုက်ပေးမယ်ဆိုရင် ဆီးချိုရောဂါကို ပိုပြီး ထိန်းချုပ်ဖို့ လွယ်ကူလာမှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

Ref : hellosayarwon

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top