ကြက်သားပိန္နဲဟင်း ချက်စားရအောင်

ပိန္နဲသီးတွေလှိုင်လှိုင်ပေါ်တဲ့ အခုလိုရာသီမှာ တစ်နေ့တစ်နေ့ ဘာချက်စားရင်ကောင်းမလဲစဉ်းစားနေတဲ့ ရိုးရာလေးပရိသတ်တွေအတွက် ဟင်းတစ်ခွက်ဖြစ်စေမယ့် ကြက်သားပိန္နဲဟင်းချက်နည်းကို ပြောပြချင်ပါတယ်။ ပိန္နဲကင်း ၊ ကြက်သား တို့က အဓိကပါဝင်ပစ္စည်းတွေဖြစ်ပြီး အခြားသော ဟင်းခတ်အမွှေးအကြိုင်တွေထပ်ပေါင်းဖြည့်ထားတဲ့ ဒီဟင်းကို အင်ဒိုနီးရှားမှာတော့ ဂူဒက်ဂျော့ဂျာ (Gudeg Yogya)လို့ခေါ်ပြီး ဂျာဗား ကျွန်း အလယ်ဒေသရှိ မြို့လေးတစ်မြို့ရဲ့ ရိုးရာအစားအစာပဲဖြစ်ပါတယ်။ ကဲ…ပါဝင်ပစ္စည်းတွေနဲ့ ပြုလုပ်နည်းအဆင့်ဆင့်ကိုကြည့်ကြရအောင်ပါ…

ပါဝင်ပစ္စည်းတွေကတော့

ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း၊ ကရဝေးရွက် ၄ ရွက်၊ ကြက်ပေါင် ၄ တုံး၊ ပိန္နဲကင်း အရွယ်အနေတော် ၂ လုံး၊ ပဲနီ ခွက်တစ်ဝက်စာ ( ၄ နာရီကြာရေစိမ်ထားပါ)၊ အုန်းနို့ ၆ ခွက်၊ လက်ဖက်ခြောက်ထုပ် (tea bag) ၁ ထုပ်၊ ထန်းလျက် ၅၀ ဂရမ်၊ ဆား လက်တစ်ဆိတ်စာ၊ ဘဲဥပြုတ် ၄ လုံး တို့ဖြစ်ပါတယ်။

ထည့်ရမယ့် ဟင်းခတ်အမွှေးအကြိုင်တွေက

ကြက်သွန်ဖြူ(နုတ်နုတ်စင်း) ၄ မွှာ၊ နံနံစေ့ လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာ၊ ဗာဒံစေ့ (almond) ၈ စေ့၊ ကြက်သွန်နီ ၃ လုံးဂျင်း လက်တစ်ဆစ်စာ၊ ပဒဲကော လက်နှစ်ဆစ်စာ

 

ပြုလုပ်နည်းကို စပြောပါမယ်။

၁။ ဟင်းခတ်အမွှေးအကြိုင်တွေအားလုံးကို ငရုတ်ဆုံထဲထည့်ပြီး အနှစ်ဖြစ်အောင်ထောင်းပါ။ ထောင်းတဲ့အခါ ရေလည်းနည်းနည်းထည့်ထောင်းပါ။

၂။ ဒယ်အိုးအကြီးတစ်ခုထဲမှာ ဆီထည့်ပြီး အပူပေးထားပါ။ ထောင်းထားပြီးသားဟင်းခတ်အမွှေးအကြိုင် နဲ့ ကရဝေးရွက်ထည့်ပြီး အနံ့မွှေးလာတဲ့အထိ ၅ မိနစ်လောက်မွှေပါ။ ကြက်သား ၊ပိန္နဲကင်း နဲ့ ပဲနီတို့ကိုထည့်ပြီး သမအောင်မွှေပါ။ အုန်းနို့ ၊ tea bag ၊ ဆား နဲ့ ထန်းလျက်ကိုထည့်ပါ။ ဆူအောင်တည်ထားပြီး ၁ နာရီလောက်ကြာအောင်အုံးအုပ်ထားပါ။ ခဏခဏ မွှေပေးဖို့တော့ မမေ့ပါနဲ့။

၃။ ၁ နာရီကြာပြီဆိုတာနဲ့ ဘဲဥ ပြုတ်ထည့်ပြီး ပိန္နဲကင်းနူးတဲ့ အခြေအနေဖြစ်ဖို့အတွက် နောက်ထပ် ၁ နာရီကြာထပ်ထားပါ။ ဒီအခြေအနေလောက်ဆို ပဲစေ့လည်း နူးပြီး ကြက်သား အသားတွေကအရည်ထဲစိမ့်ဝင်ကုန်ပါပြီ။ ဟင်းအရည်တွေအားလုံးက ပိန္နဲကင်းနဲ့ကြက်သားတို့ထဲမှာ စီးဆင်းပြီး ဘဲဥအရောင်ကလည်း အညိုရောင်သန်းနေမှာပါ။

၄။ အရသာရှိတဲ့ ကြက်သားပိန္နဲဟင်း ကို ထမင်းနဲ့ အဆင်သင့် သုံးဆောင်နိုင်ပါပြီ။

 

Ref: Gudeg / Young Jackfruit Stew

May Moe (ရိုးရာလေး)

 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top