သွေးလှူသင့်တဲ့အကြောင်းအရင်း

Blood_Donation-732X549-thumbnail.jpg

အင်္ကျီလက်ကိုခေါက်တင်ပြီး သွေးလှူလိုက်ပါ။ အရမ်းပီတိဖြစ်စရာကောင်းပါတယ်။ ရောဂါအခြေအနေတစ်ခုခုကြောင့် သွေးလိုအပ်နေသူတွေ၊ မတော်တဆမှုတစ်ခုခုကြောင့် သွေးလိုအပ်နေသူတွေကို ကိုယ့်သွေးနဲ့ အသက်ကယ်နိုင်တာက တော်တော်လေး ပီတိဖြစ်စရာကောင်းပါတယ်။ သွေးလှူတာက သူများအသက်ကိုကယ်တင်နိုင်လို့ ပီတီဖြစ်ရုံတင်မဟုတ်ပါဘူး။ ကုသိုလ်လည်းရသလို ကျန်းမာရေးအရလည်း ကောင်းကျိုးလေးတွေရနိုင်ပါသေးတယ်နော်။ ဘာတွေများဖြစ်မလဲလို့ စိတ်ဝင်စားနေပြီလား ဆက်ဆွေးနွေးလိုက်ရအောင်နော်။

သွေးလှူတာက ကျန်းမာစေနိုင်တယ်လို့ပြောရတဲ့ အကြောင်းအရင်း

သွေးလှူတာကသူများအသက်ကိုကယ်ရာရောက်သလို ကိုယ်တိုင်မှာလည်း ကျန်းမာရေးအကျိုးကျေးဇူးတွေတော်တော်လေးများပါတယ်။ လေ့လာမှုတွေအရတော့ သွေးလှူတာကြောင့် အခုလိုမျိုးကျန်းမာရေးအကျိုးကျေးဇူးလေးတွေရရှိနိုင်တယ်၊လို့တွေ့ရှိခဲ့ရပါတယ်။

နှလုံးသွေးကြောတွေကို ကျန်းမာစေနိုင်တယ်

သွေးပျစ်တာက နှလုံးသွေးကြောဆိုင်ရာရောဂါတွေကို ဖြစ်စေနိုင်တဲ့အကြောင်းအရင်းပါ။ သွေးတွေကပျစ်လေလေ သွေးကြောတွေထဲမှာ စီးဆင်းရခက်လေလေဖြစ်ပြီး သွေးကြောနံရံတွေကဆဲလ်တွေကို ထိခိုက်ပျက်စီးစေနိုင်လေလေပါ။ သွေးတွေပျစ်နေတာကို ဖြေရှင်းပေးနိုင်မယ့် အခြေခံအကျဆုံးသောနည်းလမ်းကတော့ သွေးလှူတာပါ။ ဒါတွေတင်မကပါဘူး။ သွေးလှူတာကြောင့် နှလုံးရောဂါခံစားရနိုင်ခြေနည်းသွားနိုင်သလို ရုတ်တရက်နှလုံးရပ်တာ နဲ့ လေဖြတ်တာတွေခံစားရနိုင်ခြေကို တော်တော်လေးနည်းသွားစေနိုင်ပါတယ်။ သွေးလှူတာက ကိုယ်တွင်းက Oxidative Stress တွေကိုဖြေလျော့ပေးနိုင်ပါတယ်။

ကင်ဆာဖြစ်နိုင်ခြေကိုလျှော့ချပေးနိုင်ပါတယ်

သွေးလှူလိုက်တဲ့အခါ သွေးတွင်းက iron oxidative stress တွေကိုလျော့ကျသွားစေနိုင်ပါတယ်။ ဒီအခြေအနေက ခန္ဓာကိုယ်ကို အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာနဲ့ကင်ဆာရောဂါဖြစ်နိုင်ခြေကို ကျဆင်းစေနိုင်ပါတယ်။ တစ်နှစ်ကို နှစ်ကြိမ်ပုံမှန်သွေးလှူပေးမယ်ဆိုရင် ကင်ဆာရောဂါကြောင့်သေဆုံးနိုင်ခြေကို သိသိသာသာလျှော့ချနိုင်မှာပါ။ သွေးလှူတာကြောင့် အသည်းကင်ဆာ၊ အဆုတ်ကင်ဆာ၊အူမကြီးကင်ဆာ နဲ့ လည်ချောင်းကင်ဆာတွေဖြစ်နိုင်ခြေကို လျှော့ချနိုင်မှာပါ။

ကိုယ်အလေးချိန်ထိန်းညှိပေးနိုင်ပါတယ်

သွေးလှူတာက ကိုယ်တွင်းကယ်လ်လိုရီတွေကိုလောင်ကျွမ်းစေနိုင်ပါတယ်။ ပုံမှန်သွေးလှူတာက ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်သလို သွေးတွင်းသံဓာတ်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။ ကိုယ်အလေးချိန်ချဖို့စဉ်စားနေသူတွေအနေနဲ့ စမ်းကြည့်သင့်တဲ့နည်းလမ်းတစ်ခုပါနော်။

ရောဂါရှိ၊မရှိ စစ်ဆေးခွင့်ရတယ်

သွေးလှူတဲ့အခါ အရင်ဆုံးလုပ်ရတာက ကိုယ့်သွေးထဲမှာရောဂါပိုးတွေရှိနေလားဆိုတာကို စစ်ဆေးရတာပါ။ HIV၊ အသည်းရောင်အသားဝါ နဲ့ အခြားသွေးကနေတဆင့် ကူးစက်နိုင်တဲ့ရောဂါတွေရှိလားဆိုတာကို စစ်ဆေးရတာပါ။ ဒီစစ်ဆေးမှုကိုအောင်မြင်မှ သွေးလှူခွင့်ရရှိမှာဖြစ်ပြီး အကျိုးရှိတဲ့ စစ်ဆေးမှုတစ်ခုပါ။

သွေးလှူရင်း အခုပြောခဲ့တဲ့ကျန်းမာရေးအကျိုးကျေးဇူးလေးတွေကို ရရှိနိုင်ကြပါစေကြောင်း…….

ရေးသားသူ – Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ – Dr. Thurein Hlaing Win

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top