ဒူးရင်းသီးနဲ့ တွဲမစားသင့်တဲ့ အစားအသောက် (၅) မျိုး

shutterstock-413580475.png

ဒူးရင်းသီးကို မကြိုက်တဲ့သူတွေက အနံ့တောင်မခံနိုင်ပေမယ့် ကြိုက်တဲ့သူတွေက အခွံပါစားချင်တာနော်။ အနံ့လေးမွှေးရင်ပဲမစားဘဲမနေနိုင်၊ ဆိုင်ရှေ့ဖြတ်လျှောက်ရင်း ဝင်ဝယ်မိတာပဲ။ နှစ်သက်သူတွေက နတ်သုဒ္ဓါလို့တောင်တင်စားကြတဲ့ဒူးရင်းသီးရဲ့အနှစ်လေးတွေက ရွှေရောင်ကိုဝင်းလို့။

ဒါပေမယ့် တစ်နေ့လုံးမှာ သူ့တစ်မျိုးတည်းစားကြတာမှမဟုတ်တာ။ တခြားအစားအသောက်တွေလည်း စားကြဦးမှာဆိုတော့ မတည့်တာရှိမှာစိုးရိမ်ကြပါတယ်။ သတင်းတွေကလည်းကြားရတာကိုး။ အစားအစာတွေမတည့်ဘူးဆိုတာ တကယ်တော့ လူ့ခန္ဓာကိုယ်ရဲ့နောက်ခံအကြောင်းရင်းတွေကြောင့်ဖြစ်ပါတယ်။ ဥပမာ ကိုယ့်မှာ သွေးတိုးရောဂါရှိနေမယ်ထား၊ ဒူးရင်းသီးစားထားမယ်၊ သွေးတိုးကို ပိုဆိုးစေနိင်တဲ့အရာတစ်ခုခုထပ်စားမယ်၊ ဒူးရင်းသီးနဲ့ပေါင်းမိရင် ပိုဆိုးစေနိုင်တဲ့အရာစားမိမယ်၊ ဒါဆို သွေးတက်ပြီ၊ သိပ်များရင်အန္တရာယ်ရှိပြီပေါ့။ ဒါ့ကြောင့် ဒူးရင်းသီးနဲ့ တွဲပြီးမစားသင့်တဲ့အရာလေးတွေကို ပြောပြလိုက်မယ်နော်။

အယ်လ်ကိုဟော

ဒူးရင်းသီးစားပြီး အယ်ကိုဟောတွေသောက်တာ ချက်ချင်းသေတတ်တယ်လို့ပြောကြတယ်။ တကယ်သေမသေကိုအတည်ပြုတဲ့လေ့လာမှုမရှိသေးပေမယ့် ဒူးရင်းသီးမှာ ဆာလ်ဖာပါဝင်မှုများလို့ ခန္ဓာကိုယ်တွင်းအယ်လ်ကိုဟောချေဖျက်မှုကိုကူညီပေးတဲ့အင်ဇိုင်းကို (၇၀) ရာခိုင်နှုန်းလောက်အထိ အဟန့်အတားဖြစ်စေတယ်လို့ သိရပါတယ်။ ဒီလိုဆိုတော့ အရက်၊ဘီယာသောက်လို့ ခန္ဓာကိုယ်မှာထိခိုက်နိုင်တဲ့နှုန်းကို ပိုများစေတာပေါ့။ ဒါ့ကြောင့် မတွဲတာကောင်းပါတယ်။

ကဖင်းပါတဲ့သောက်စရာ

ဟိုရက်က ဂက်စ်ပါတဲ့အချိုရည်ဘူးနဲ့ဒူးရင်းသီးတွဲစားမိလို့ ကလေးတစ်ယောက်အသက်ဆုံးရတဲ့အကြောင်း သတင်းတစ်စတွေ့လိုက်ရပါတယ်။ ကဖင်းပါတဲ့အချိုရည်ဘူးတွေ၊ ဂက်စ်ပါတဲ့အချိုရည်ဘူးတွေကို ဒူးရင်းသီးနဲ့ရောစားမယ်ဆိုရင် နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်းကို ဖြစ်စေနိုင်ပါတယ်။ ကဖင်းပါတဲ့သောက်စရာတွေနဲ့ဆို အချိန်တစ်ခုခြားပြီးမှ ဒူးရင်းသီးကိုစားသင့်ပါတယ်။

ခရမ်းသီး

ဒူးရင်းသီးနဲ့ခရမ်းသီးဆိုတာ အပူစာတွေလို့ခေါ်ဆိုနိုင်ပါတယ်။ တစ်မျိုးတည်းနဲ့တင် ခန္ဓာကိုယ်မှာအပူချိန်တိုးစေတာ၊ နှစ်မျိုးပေါင်းလိုက်ရင်တော့ အပူပိုကြီးစေပြီး နေမကောင်းဖြစ်နိုင်ပါတယ်။ ခရမ်းသီးဟင်းနဲ့ထမင်းစားပြီး ဒူးရင်းသီးတွေအချိုပွဲမစားမိစေနဲ့ပေါ့။

ဂဏန်း

ဂဏန်းဆိုတာ ခန္ဓာကိုယ်ကိုအအေးဓာတ်ပေးနိုင်စွမ်းမြင့်တဲ့အအေးစာဖြစ်ပြီး ဒူးရင်းသီးကတော့ အပူကန်စေနိုင်တဲ့အစားအစာဖြစ်တယ်လေ။ နှစ်မျိုးလုံးတပြိုင်တည်းစားမိရင် အစာခြေစနစ်ကို ဒုက္ခပေးနိုင်ပြီး အစာအိမ်မှာပြဿနာပေါ်လာပါလိမ့်မယ်။

အမဲသားနဲ့ဆိတ်သား

အမဲသားနဲ့ဆိတ်သားတို့ကလည်း အပူစာတွေဖြစ်တာမို့ ခန္ဓာကိုယ်ကိုအပူမကြီးစေဖို့ ဒူးရင်းသီးနဲ့တွဲမစားမိသင့်ပါဘူး။ ရောဂါအခံတွေရှိနေရင် အန္တရာယ်ရှိနိုင်ပါတယ်။

Ref: Helloဆရာဝန်
ရေးသားသူ – Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ – Dr. Thurein Hlaing Win

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top