သင့်အလုပ်စားပွဲပေါ်မှာ အပင်ထားခြင်းက သင့်ကို စိတ်ဖိစီးမှု လျော့ကျစေသလား

yyl-021-18.jpg

၂၀၂၀မှာ သင့်ရဲ့ နှစ်သစ် သန္နိဌာန်က စိတ်ဖိစီးမှု လျော့ချဖို့အတွက်ဆိုလျှင် သင့်ရဲ့ အလုပ်စားပွဲပေါ်တွင် သစ်ပင်ငယ်များ ထားခြင်းက အကူအညီပေးပါလေ့မည် ဟု ဂျပန် သုတေသန မှတ်တမ်းအသစ်တွင် ဖော်ပြသည်။ ဂျပန်နိုင်ငံ Awaji ကျွန်းရှိ Hyogo တက္ကသိုလ်မှ ရုံးအတွင်း အလှဆင်ပန်းပင်များ ထားရှိခြင်းက ပတ်ဝန်းကျင်နှင့် အထိအတွေ့ အလွန်နည်းပါးသော ရုံးဝန်ထမ်းများ၏ စိတ်အခြေအနေအပေါ် မည်မျှ သက်ရောက်မှု ရှိနေသလဲကို အသေးစိတ် လေ့လာမှတ်တမ်း ပြုစုခဲ့ကြသည်။ သုတေသန ပညာရှင်များသည် ရုံးဝန်ထမ်း ၆၃ဦး၏ စိတ်အခြေအနေ၊ စိတ်ဖိစီးမှုအခြေအနေကို သစ်ပင်များ အလုပ်စားပွဲပေါ်တွင် မထားရှိခင် နှင့် ထားရှိပြီး တိုင်းတာခဲ့ကြသည်။ ရုံးဝန်ထမ်း များကို မတူညီသော စားပွဲတင် သစ်ပင်ငယ်များ ဖြစ်သည့် air plants, bonsai plants, San Pedro cactus, foliage plants, Kokedama or Echeveria ခြောက်မျိုးကို ရွေးချယ်စေခဲ့ပြီး သူတို့၏ ကွန်ပျူတာ အနားတွင် ထားရှိစေခဲ့သည်။

ထို့နောက် သုတေသန ပညာရှင်များသည် စမ်းသပ်မှု နှစ်ဆင့်ပြုလုပ်ခဲ့ပြီး ပထမအနေဖြင့် ပထမတစ်ပတ်ကို ဝန်ထမ်းများအား အပင်များ မထားရှိစေဘဲ အလုပ်လုပ်စေခဲ့ပြီး လေးပတ်မြှောက်တွင် သူတို့ မျက်လုံးဖြင့် မြင်တွေ့ရနိုင်သည့် နေရာတွင် သစ်ပင်ငယ်များကို ထားစေကာ သူတို့ စိတ်ပင်ပန်းသည့် အချိန်တိုင်း အပင်ငယ်များကို ရည်ရွယ်ချက်ဖြင့် မကြာခဏ ကြည့်စေသည်။ ထိုစမ်းသပ်မှု၏ အဖြေကို HortTechnology သတင်း ဂျာနယ်တွင် ထုတ်ဝေဖော်ပြခဲ့သည်။ ထုတ်ဝေချက်အရ ပါဝင်သူများ၏ စိတ်ဖိစီးမှု တိုင်းတာချက်များသည် အပင်များထားရှိပြီး လေးပတ်မြှောက် အကြာ စမ်းသပ်မှုတွင် သိသိသာသာ ကျဆင်းသွားသည်ကို တွေ့ရသည်။ ပါဝင်သူများ၏ သွေးခုန်နှုန်း စမ်းသပ်ချက်များ အရ စိတ်ပင်ပန်းနေစဉ် သစ်ပင်များကို ကြည့်နေသည့် သုံးမိနစ်အတွင်း စိတ်ဖိစီးမှု တိုင်းတာချက်သည် သိသိသာသာ လျော့ကျသွားကြောင်း သိရသည်။

ထို့အပြင် အသက်အရွယ်မျိုးစုံမှ ဝန်ထမ်းများအားလုံး၏ စိုးရိမ် ပူပန်မှုများသည် မည်သည့်အပင်ကို ရွေးချယ်ခဲ့သည် ဖြစ်စေ တပြေးညီ လျော့ကျသွားကြောင်း သိရသည်။ ထိုစစ်တမ်းတွင် ပါဝင်ခဲ့သူများသည် သစ်ပင်ငယ်လေးများကို ပြုစုခြင်း၊ ထိုသစ်ပင်ငယ်များ နေ့စဉ် တရွေ့ရွေ့ ကြီးထွားလာခြင်းတို့ကို မြင်ရခြင်းဖြင့် စိတ်ပျော်ရွှင်ခြင်းကိုပါ ထပ်ပေါင်း ခံစားရသည်ဟု ဆိုသည်။

မေ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top