ကျောမှာစာကပ်ပြီး ဇနီးသည်အတွက် ကျောက်ကပ် အလှူရှင် ရှာပေးခဲ့တဲ့ အမျိုးသား

50275079_419535838790384_2913698847169445888_n.jpg

နယူးယောခ့်မြို့က အမျိုးသားတစ်ဦးဟာ နာမကျန်းဖြစ်နေတဲ့ ဇနီးသည်အတွက် အကူအညီတောင်းခံစာကို လွယ်အိတ်ကျောဘက်မှာ ကပ်ပြီး ဝတ်ဆင်ထားပါတယ်။ သူ့စာထဲမှာရေးထားတာကတော့ ‘ကျွန်တော့်ဇနီးအတွက် ကျောက်ကပ် အလှူခံပါတယ် B+ ဖုန်းနံပါတ် 9174426202″ လို့ဖြစ်ပါတယ်။

ဒါကို လီလိတ် မာကော့စ် (Lilit Marcus) ဆိုသူက ဓာတ်ပုံရိုက်ခဲ့ပြီး တွစ်တာမှာ တင်ခဲ့ရာမှာ နာရီအနည်းငယ်အတွင်းမှာပဲ လူအများကြား ပျံ့နှံ့သွာခဲ့ပါတယ်။ တွစ်တာ နာမည်ကြီးတွေဖြစ်တဲ့ ဇခ်ျဘရ်ဖ် (Zach Braff)၊ မာတီနာ နာဗရာတလ်လိုဗာ (Martina Navratilova)၊ အီဗန်ရေချယ်ဝုဒ် (Evan Rachel Wood) တို့ကလည်း ဒီပိုစ့်ကို ဝေမျှပေးခဲ့ကြပါတယ်။

ကျောမှာ စာကပ်ပြီး ကျောက်ကပ်အလှူခံနေသူကတော့ ရေမွန်သောပ်ဆွန် (Raymond Thompson) ဆိုသူဖြစ်ပြီး သူ့ဇနီးဟာ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက ကျောက်ကပ် ဝေဒနာကို ခံစားနေရသူဖြစ်ပါတယ်။ သူတို့မှာ ၄ နှစ်အရွယ် သမီးလေး တစ်ယောက်လည်း ရှိနေကာ သူ့မှာ တွစ်တာအကောင့်တောင် မရှိပါဘူး။ ဒါပေမဲ့ သူ့ဖုန်းလေးထဲကို တစ်ကမ္ဘာလုံးက သူမသိတဲ့ဖုန်းနံပါတ်တွေနဲ့ ဖုန်းခေါ်ဆိုမှုတွေ၊ စာတို့ပို့တာတွေ တဂွမ်ဂွမ်နဲ့ ဖြစ်လာတဲ့ အချိန်မှာတော့ တစ်ခုခု ထူးနေပြီဆိုတာ သူသိလိုက်ပါပြီ။ ကျောက်ကပ် အလှူရှင်တွေက သူ့ဇနီးမိုင်လန် (Mylen) အတွက် ကျောက်ကပ် လှူဒါန်းပေးဖို့ ဆက်သွယ် ကမ်းလှမ်းလာကြတာ ဖြစ်ပါတယ်။

ရေမွန်ရဲ့ ဇနီး မိုင်လန်ဟာ ကျောက်ကပ် အစားထိုး သွေးသန့်စင်ခြင်းစင်တာမှာ တစ်ပတ်ကို သုံးရက်၊ တစ်နေ့ကို သုံးနာရီကြာ ကုသမှု ခံယူနေရပါတယ်။ မိုင်လန်နဲ့ ရေမွန်တို့ရဲ့ မိသားစုဝင်တွေက ကျောက်ကပ် လှူဒါန်းပေးဖို့ စစ်ဆေးမှု ခံယူခဲ့ပါသေးတယ်။ ဒါပေမဲ့ ဘယ်သူနဲ့မှ ကိုက်ညီမှု မရှိနေခဲ့ပါဘူး။ လူတချို့က ငွေကြေး ကူညီကြတာလည်း ရှိခဲ့ပေမဲ့ မယူခဲ့ဘူးလို့ ရေမွန်က ပြောပါတယ်။ Disney World မှာ ကျောက်ကပ် အလှူရှင် ရှာနေပါတယ် ဆိုတဲ့ စာသားပါ တီရှပ်ဝတ်ဆင်ပြီး အလှူခံခဲ့ဖူးတဲ့ ရော့ဘ်လီဘိုဝတ်ဇ် (Rob Leibowitz) ရဲ့ အကြောင်းက ရေမွန်ကို စိတ်အားတက်စေခဲ့တာဖြစ်ပြီး ဒါကြောင့်ပဲ သူလည်း ဒီလိုလုပ်ဖို့ အကြံရသွားခဲ့တာပါ။

‘ကိုယ်တွင်းအင်္ဂါတကယ်လိုအပ်နေသူတွေက အများကြီးပါ၊ အထူးသဖြင့် ကျောက်ကပ် လိုအပ်နေသူတွေပေါ့။ ခင်ဗျားတို့မှာ ကျောက်ကပ် နှစ်ခုရှိနေတာပဲ.. တစ်ခုတည်းနဲ့လည်း ကျန်းကျန်းမာမာ နေနိုင်ပါတယ် ဒီတော့ လိုအပ်နေသူတွေအတွက် လှူပေးကြစေချင်ပါတယ်’ လို့ သူက ပြောခဲ့ပါတယ်။

Ref: www.edition.cnn.com “A man wore a sign to find his wife a kidney donor”

Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top