ယူကရိန်းအရှေ့ပိုင်းက ဘူတာရုံမှာ ဒုံးကျည်ကျခဲ့လို့ လူ ၅၀ သေဆုံး

russia0.jpg

ယူကရိန်းနိုင်ငံအရှေ့ပိုင်းက ဘူတာရုံတစ်ရုံမှာ ဒုံးကျည်တွေ ကျခဲ့လို့ လူ ၅၀ သေဆုံးခဲ့တယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဒွန်ဘတ်စ်ဒေသမှာ ရုရှားနဲ့ ယူကရိန်းတပ်ဖွဲ့တွေကြား တိုက်ပွဲပြင်းထန်နေတယ်။ ဒွန်ဘတ်စ်ဒေသကနေ ထွက်ခွာမယ့်သူတွေက ခရာမာတော့စ်ဘူတာရုံကနေ ရထားစီးကြလေ့ရှိတယ်။ ဘူတာရုံမှာ လူတွေစုဝေးနေတုန်း ဒုံးကျည်တွေ ကျခဲ့တာပါ။

ဒုံးကျည်အပိုင်းအစတစ်ခုပေါ်မှာတော့ ” ကလေးတွေအတွက်” ဆိုတဲ့ စာသားကို ရုရှားဘာသာစကားနဲ့ ရေးသားထားတယ်။ ဒါဟာ ကလေးတွေကို ရည်ရွယ်ပစ်လွှတ်လိုက်တာတော့ ဟုတ်ဟန်မတူဘူး။ ကလေးတွေအတွက် လက်စားချေဟန်တူတယ်လို့ သုံးသပ်ကြတယ်။ ဒုံးကျည်တွေကျရောက် ပေါက်ကွဲခဲ့လို့ ကလေးငယ် ၁၀ ယောက် အပါအဝင် အနည်းဆုံး လူ ၅၀ သေဆုံးခဲ့တာပါ။ ၃၈ ယောက်က ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၁၂ ယောက်ကတော့ ဒဏ်ရာတွေကြောင့် ဆေးရုံမှာ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

ဒဏ်ရာရသူ ၉၈ ယောက်ကို ဆေးရုံပို့ခဲ့ရတဲ့အနက် ကလေးငယ် ၁၆ ဦး၊ အမျိုးသား ၃၆ ဦး၊ အမျိုးသမီး ၄၆ ဦး ပါဝင်တယ်လို့ ခရာမာတော့စ်မြို့တော်ဝန် ဟွန်ချာရန်ကိုက ဆိုပါတယ်။

” မနက် ၁၀ နာရီခွဲက ဘူတာရုံမှာ လူ ၄၀၀၀ လောက် စုဝေးနေပြီး ပထမဆုံး ဆိုက်လာမယ့်ရထားကို စောင့်နေတုန်း ဒုံးကျည်ကျခဲ့တာပါ” လို့ ဟွန်ချာရန်ကိုက ပြောပါတယ်။ ဒါက ရုရှားဒုံးကျည်ဆိုတာ သေချာတယ်၊ ဒုံးကျည်ကျရောက်ခဲ့တဲ့ ဘူတာရုံတစ်ဝိုက်မှာ ယူကရိန်းစစ်တပ်ရဲ့ပစ်မှတ်တွေ မရှိဘူးလို့ သူက ဆိုပါတယ်။

ခရာမာတော့စ်ဘူတာရုံဟာ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခံရတဲ့ ပစ်မှတ်တစ်ခု ဖြစ်ခဲ့သလား၊ ဘယ်သူ့လက်ချက်လဲဆိုတာတွေကိုတော့ တိတိကျကျ မသိရသေးပါဘူး။

အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ ဗြိတိန်နိုင်ငံကတော့ ခရာမာတော့စ်ဘူတာရုံမှာ ဒုံးကျည်ကျရောက်ခဲ့တဲ့ဖြစ်ရပ်ကို ရှုတ်ချခဲ့ပါတယ်။ အရပ်သားတွေနဲ့ အရေးပါတဲ့ အခြေခံအဆောက်အအုံကို တိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှုမြောက်တယ်လို့ ဗြိတိန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး ဘန်ဝေါလေ့စ်က ပြောပါတယ်။

Ref: BBC”Live Reporting”
Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top