(၄) ရက်အတွင်း မကြိုက်နှစ်သက်မှု (Dislike) (၆.၇) သန်းရရှိနေတဲ့ Youtube Rewind 2019 ဗီဒီယို

yyl-015-7.jpg

Youtube ကနေ နှစ်တိုင်းတင်ပေးနေကျ YouTube Rewind ဗီဒီယိုကို လူမှုကွန်ယက် အသုံးပြုတဲ့သူတွေက ကြည့်ရှုရဖို့ စောင့်မျှော်နေကြတာပါ။ ဒါပေမဲ့ အခုနှစ်ဗီဒီယိုကတော့ လူမှုကွန်ယက် အသုံးပြုသူတွေကို စောင့်မျှော်ကြည့်ရှုရတာနဲ့ တန်အောင် စိတ်ကျေနပ်မှုမဖြစ်စေခဲ့ပါဘူး။ Youtube က အခုနှစ်ရဲ့ YouTube Rewind ဗီဒီယိုကို “For the Record” ခေါင်းစဉ်နဲ့ ဒီဇင်ဘာ (၅) ရက်နေ့က ထွက်ရှိပေးခဲ့တာဖြစ်ပါတယ်။

အခုနှစ်ဗီဒီယိုက အရင်နှစ်ထက်မဆိုးရွားနိုင်ဘူးလို့ မတွေးထားခဲ့ပေမဲ့ YouTube Rewind 2019 ကတော့ ထွက်ရှိပြီး(၄) ရက်အတွင်းမှာပဲ တတိယမြောက်မကြိုက်နှစ်သက်ဆုံး YouTube ဗီဒီယိုဖြစ်သွားခဲ့ပါတယ်။ အဲဒီဗီဒီယိုဟာဆိုရင် “Dislike” ပေးသူ (၆.၇) သန်းရှိနေပါပြီ။

၂၀၁၀ခုနှစ်က စတင်ခဲ့တဲ့ YouTube Rewind က နှစ်တစ်နှစ်ရဲ့ နာမည်ကြီးတဲ့ဗီဒီယို၊ ပွဲအခမ်းအနားတွေ၊ Memeတွေ၊ ဂီတတွေကို ခြုံငုံပြီးပြတဲ့ စီးရီးတွဲဗီဒီယိုဖြစ်ပါတယ်။ ၂၀၁၂ခုနှစ်မှာတော့ YouTuber တွေ၊ နာမည်အကြီးဆုံးသီချင်း၊ ဗီဒီယို၊ အင်တာနက်meme တွေပါဝင်တဲ့ Rewind ဗီဒီယိုပုံစံအဖြစ် ပြောင်းလဲခဲ့ပါတယ်။ ပြောင်းလဲလိုက်ဗီဒီယိုပုံစံက ကောင်းတဲ့တုံ့ပြန်ချက်တွေ ရခဲ့ပေမဲ့လည်း ကြည့်ရှုသူတွေက ဗီဒီယိုမှာ YouTube creatorတွေ လုံလုံလောက်လောက် မထည့်ထားတဲ့အတွက် အောင်မြင်မှုက တစ်စတစ်စလျော့ပါးခဲ့ပါတယ်။

၂၀၁၈ခုနှစ်မှာ ဝီလ်စမစ် (Will Smith) လို Youtuber မဟုတ်တဲ့သူတွေ ပါဝင်ခဲ့တဲ့ YouTube Rewind ဗီဒီယိုကလည်း ကြည့်ရှုသူတွေဆီကနေ အဆုံးရွားဆုံး YouTunbe Rewind ဗီဒီယိုအဖြစ် ယူဆခဲ့တဲ့ တုံ့ပြန်ချက်ကို ရရှိခဲ့ပါတယ်။ ဝေဖန်ပြောဆိုမှုတွေကြောင့်ပဲ YouTube က နောက်တစ်ကြိမ် ဗီဒီယိုပုံစံကို ပြောင်းလဲခဲ့ရပြန်ပါတယ်။

၂၀၁၉ခုနှစ်မှာ YouTuber တွေရဲ့ ကြိုက်နှစ်သက်မှုအများဆုံး ဗီဒီယိုတွေပါဝင်လာတဲ့ ဗီဒီယိုပုံစံအဖြစ်ပြောင်းလဲပစ်ခဲပေမဲ့ အရင်Rewindဗီဒီယိုတွေလို ထုတ်လုပ်မှုအပိုင်းမတူတဲ့အတွက် “ပျင်းရိဖွယ်ကောင်းတယ်”လို့ ဝေဖန်ပြောဆိုမှုတွေနဲ့အတူ ကြည့်ရှုသူတွေကို စိတ်ကျေနပ်မှုမဖြစ်စေခဲ့ပါဘူး။ ကြည့်ရှုသူအများအပြားကလည်း အခုနှစ်ဗီဒီယိုပုံစံအသစ်က Rewind ဗီဒီယိုထုတ်လုပ်ရေးပိုင်းမှာ YouTuber တွေ မပါဝင်တဲ့အတွက် အားထုတ်မှုမရှိသလို၊ အသက်မပါသလို ခံစားခဲ့တယ်လို့ ဆိုပါတယ်။

တကယ်ဆိုရင် “YouTube Rewind” ဗီဒီယိုက တစ်နှစ်တာရဲ့ကြိုက်နှစ်သက်မှုအများဆုံးဗီဒီယို၊ ဖန်တီးရှင်တွေ၊ အနုပညာရှင်တွေ၊ ဂီတပညာရှင်တွေကို တင်ဆက်ပေးနေတာဖြစ်သလို ဖန်တီးရှင်အသစ်တွေရဲ့ အောင်မြင်မှုကိုတောင် ဂုဏ်ယူပေးခဲ့တာဖြစ်ပါတယ်။ အခုနှစ်ဗီဒီယိုက တချို့အဖွဲ့တွေ၊ YouTuber တွေကို ဖယ်ထုတ်ထားတဲ့အတွက် ပြီးပြည့်စုံတဲ့ ဗီဒီယိုမဖြစ်နိုင်တာတော့ သေချာပါတယ်။ ဒါပေမဲ့ YouTuber တစ်ယောက်ဖြစ်တဲ့ ဖိလစ် ဒီဖရန်ကို (Philip DeFranco) ကတော့ ဗီဒီယိုပုံစံအသစ်က ဖန်တီးရှင်အသစ်တွေကို တကယ်ကို အကူအညီဖြစ်စေနိုင်တယ်လို့ သူ့ရဲ့ဗီဒီယိုမှာ ထုတ်ပြောခဲ့ပါတယ်။ သိတဲ့အတိုင်းပဲ Hater တွေရှိနေသရွေ့တော့ အမုန်းစကားတွေ၊ ဝေဖန်မှုတွေကတော့ ရှိနေဦးမှာပါ…။

Ref: YouTube Rewind 2019 hits 6.7 million dislikes in 4 days
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top