အမြဲတမ်း ပင်ပန်းနွမ်းနယ်နေခြင်းကို ဘယ်လိုကျော်ဖြတ်မလဲ

yyl-009-5.jpg

ထိုသို့ကြုံလာလျှင် ပုံမှန်အားဖြင့် ခန္တာကိုယ် အိပ်စက်အနားယူရန် လိုအပ်လို့ဟု ယူဆကာ အိပ်စက်အနားယူသော်လည်း ထူးထူးခြားခြား သက်သာလာခြင်းမရှိသည် ကို ကြုံတွေ့ရတတ်သည်။ ထိုကဲ့သို့တွေ့ကြုံလာရလျှင် အောက်ပါအချက်များဖြင့် မိမိကိုယ်ကို စစ်ဆေး စမ်းသပ် သင့်သည်။

သင့်ခန္တာကိုယ်သည် ပင်ပန်းနေတာလား အိပ်ချင်နေတာလားကို သေချာစစ်ဆေးပါ

သည်နေရာတွင် ပင်ပန်းခြင်း နှင့် အိပ်ချင်စိတ်ဖြစ်ခြင်းကို ကွဲပြားသိရှိရန် လိုအပ်သည်။ ခန္တာကိုယ်က ပင်ပန်းနွမ်းနယ်နေလျှင် သင်သည် အင်အားမရှိ ခံစားရတတ်သည်၊ အာရုံစူးစိုက်ရန် ခက်ခဲနေတတ်သည်၊ စိတ်ရှုပ်နေတတ်သည်၊ တက်ကြွမှုမရှိ လုပ်ချင်ကိုင်ချင်စိတ်မရှိ ဖြစ်နေတတ်သည်။ သင် အိပ်ချင်နေလျှင် နိုးနိုးကြွကြွနေဖို့ကိုပင် တွန်းလှန်နေရတတ်သည်၊ ခေါင်းငိုက်စိုက်ကျနေတတ်သည်။ အိပ်ချိန်အပြည့်အဝ အိပ်ပါရဲ့နှင့် အမြဲငိုက်မြည်းနေခြင်းသည် sleep disorder ဟုခေါ်သည့် အိပ်ချိန် ကစဉ့်ကလျားဖြစ်ခြင်းဟု ခေါ်သည်။ ပင်ပန်းနွမ်းနယ်နေခြင်းကမူ ယေဘုယျ အားဖြင့် စိတ်ဖိစီးမှု၊ နာကျင်မှု၊ သွေးအားနည်းရောဂါ၊ ဟော်မှန်းမမျှတမှု များကြောင့် ဖြစ်တတ်သည်။

ဇာတ်လမ်းတွဲများကြည့်ခြင်းကို ရပ်တန့်ပါ

ဇာတ်လမ်းတွဲ အပိုင်းတစ်ပိုင်းကြည့်ရန် ညဘက် အချိန်တစ်နာရီလောက် ပိုနေလိုက်ခြင်းက သင့်ကို နောက်နေ့ တစ်နေ့တာလုံး ပင်ပန်း နွမ်းနယ် နေသည်ဟု ခံစား နေစေရတတ်သည်။ ထို့အတူ မိနစ်သုံးဆယ်လောက် စောစောအိပ်စက်လိုက်ခြင်းသည် သင့်ကို နောက်နေ့ တစ်နေ့တာလုံး နေလို့ထိုင်လို့ကောင်းစေသည်။ တစ်ပတ်တွင် ငါးရက်လောက် မိနစ်သုံးဆယ်စောစွာ အိပ်စက်ခြင်းသည် သင့် ခန္တာကိုယ်အတွက် ထူးခြားသော ကျန်းမာရေးရလဒ်ကို ရစေမည့် ရင်းနှီးမြုပ်နှံမှု တစ်ခုပင်ဖြစ်သည်။

အရွယ်ရောက်ပြီးသူများလဲ အိပ်ချိန်ဇယား ရှိရန်လိုအပ်သည်

အိပ်ယာဝင်ခါနီး အရက်၊ နီကိုတင်း၊ ကဖိန်း နှင့် အခြားသော စိတ်ကြွစေတတ်သော အရာများကို သုံးစွဲခြင်းမလုပ်သင့်ပေ။ ညစာအများကြီး မစားသင့်သလို အပြာရောင်ဓာတ် ထုတ်ပြန်သည့် TV၊ Smart Phones နှင့် အခြား Digital Device ပစ္စည်းများ နှင့် အချိန်များစွာ မကုန်ဆုံးသင့်ပေ။ သင်၏ အိပ်ခန်းသည် အိပ်စက်အနားယူရန် အသင့်ဖြစ်သော ပတ်ဝန်းကျင်တစ်ခုအဖြစ် မှေးမှိန်၊ တိတ်ဆိတ်၊ သက်တောင့်သက်သာရှိပြီး မပူမအေးလွန်းသော အခန်းအပူချိန်တစ်ခုတွင် ရှိနေသင့်သည်။ သင်၏ ခန္တာကိုယ် အိပ်ချိန်ဇယား (Body Clock) အတိုင်း နေ့စဉ် ပုံမှန်အိပ်ယာ ဝင်သော အလေ့အကျင့် ထားရှိရမည်။

သင့်ဖုန်းကို အဝေးတစ်နေရာမှာထားပါ

အိပ်ယာဝင်ခါနီး ဖုန်းမှတုန်ခါခြင်း နှင့် အလင်းရောင်တို့ကြောင့် အိပ်စက်ခြင်းကို များစွာ ထိခိုက်စေသည်။ ညဘက် တရေးနိုးတတ်ခြင်း မှာ ပုံမှန်သဘာဝ ဖြစ်စဉ်တစ်ခု ဖြစ်သည်။ အိပ်စက်နေချိန်လူသားများသည် ခဏနိုးထ၍ ပတ်ဝန်းကျင် အခြေအနေကို လေ့လာကာ (သို့) အပေါ့အလေး စွန့်ကာ ပြန်လည် အိပ်ယာဝင်တတ်ကြသည်။ သိပ္ပံပညာရှင်များသည် လူအများကို Sleep Lab အတွင်း၌ စမ်းသပ် စောင့်ကြည့်ခဲ့ရာ ထိုသို့ တရေးနိုးချိန်တွင် လူအချို့သည် smart ဖုန်းများကို ရှာကာ စစ်ဆေးတတ်ကြပြီး ပုံမှန်ထက် အချိန်ပေါင်းများစွာ ကြာပြီးမှ ပြန်လည်အိပ်ယာဝင်ကြသည် ကိုလေ့လာတွေ့ရှိရသည်။ ထို့ကြောင့် အိပ်စက်ခြင်းကို အနှောက်အယှက်ဖြစ်စေသည်။ သင့်ဖုန်းအား မနက်ထရန် နိုးစက် ပေးထား ပါက ညဦးပိုင်းအတွင်း သင်ကောင်းစွာ အိပ်ပျော်နိုင်ရန် သင်၏ဝေးရာမှာထားသင့်သည်။

ပရိုတင်းဓာတ် စားသုံးပေးပါ

သင့် ခန္တာကိုယ် အားအင်ပြည့်စေသည့် အစားအစာမှာ ပရိုတင်းဓာတ်ပင် ဖြစ်သည်။ ပရိုတင်းဓာတ်ကို အစားစားတိုင်း ထည့်သွင်းစားသုံးပေးလျှင် ခန္တာကိုယ်အတွင်း သကြားဓာတ်ကို ထိန်းညှိပေးသည်။ ပုံမှန်စားသုံးခြင်းဖြင့် ခန္တာကိုယ် ပင်ပန်း နွမ်းနယ်ခြင်း ကို တိုက်ထုတ်ပေးသည်။

မေ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top