”တစ်သိန်းတိုင်းမှာ တစ်ဆယ်လှူ၊ MAB နဲ့ လက်တွဲကူ” အစီအစဉ် ဆောင်ရွက်မယ်

yyl-022-12.jpg

ရန်ကုန်မြို့ရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ဆရာ၊ ဆရာများရဲ့ လုပ်ခလစာကို တိုးမြှင့် ထောက်ပံ့ပေးမယ့် ”တစ်သိန်းတိုင်းမှာ တစ်ဆယ်လှူ၊ MAB နဲ့ လက်တွဲကူ” အစီအစဉ်ကို ဆောင်ရွက်သွားမယ်လို့ ဒီဇင်ဘာ ၁၉ ရက်က Melia ဟိုတယ်မှာ ကျင်းပတဲ့ MAB ဆယ်နှစ်ပြည့်အခမ်းအနားမှာ ကြေညာခဲ့ပါတယ်။

မြန်မာ့ရှေ့ဆောင်ဘဏ်(MAB)က လူမှုအကျိုးပြုလုပ်ငန်းအနေနဲ့ ဆောင်ရွက်သွားမယ့် ဒီအစီအစဉ်မှာ ၂၀၂၀ ပြည့်နှစ်ရဲ့ ပထမဆုံးလဖြစ်တဲ့ ဇန်နဝါရီ ၁ ရက်နေ ဇွန် ၃၀ ရက်အထိ ၆ လအတွင်း MAB မှာ ကျပ်တစ်သိန်းစုငွေထည့်သွင်းတိုင်း ငွေဆယ်ကျပ်ကို မတည်ငွေအဖြစ် လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

”ဒီလှူဒါန်းမှုက MAB ရဲ့ လှူဒါန်းမှုအနေနဲ့တင်မဟုတ်ဘဲ Customers တွေရဲ့ လှူဒါန်းမှုလည်း ပါဝင် တယ်လို့ ယူဆပါတယ်။ ဒီအစီအစဉ်ဟာ Customers တွေရဲ့ ပါဝင်မှုကလည်း အဓိကကျနေပါတယ်”လို့ Sales & Distribution ဆိုင်ရာ Voice President ဖြစ်သူ ဒေါ်ဧဒင်ထားငှကီးက ပြောပါတယ်။

အခုလို ၆ လအတွင်းရရှိမယ့် မတည်ငွေတွေကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လကနေ နောက်သုံးနှစ်အထိ မြိုင်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနဲ့ ဓမ္မစရိယဘုန်းတော်ကြီးသင်ပညာကျောင်းတို့မှာရှိတဲ့ ဆရာ၊ ဆရာမ တွေကို ကျောင်းကပေးတဲ့ လစာအပြင် MAB ရဲ့ အပိုထပ်ဆောင်းစုငွေအဖြစ် ထောက်ပံ့သွားမှာ ဖြစ်ပါတယ်။

ဒီအစီအစဉ်မှာ အသစ်စုငွေတွေအပြင် ရှိပြီးသားအကောင့်ထဲကို ထပ်တိုးထည့်မယ့် ငွေတွေလည်း ပါဝင်မှာ ဖြစ်ပြီး လှူဒါန်းမယ့်မတည်ငွေကို လာရောက်အပ်နှံထားတဲ့ အကောင့်တွေထဲကနေ ရယူတာမျိုးမဟုတ်ဘဲ MAB ရဲ့ အကျိုးအမြတ်ထဲကသာ မတည်လှူဒါန်းသွားမှာ ဖြစ်တယ်လို့ ဒေါ်ဧဒင်ထားငှကီးက ဆိုပါတယ်။

(MAB)ရဲ့ ၁၀ နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ ”တစ်သိန်းတိုင်းမှာ တစ်ဆယ်လှူ၊ MAB နဲ့ လက်တွဲကူ” အစီအစဉ်အပြင် ထန်းတပင်မြို့နယ်၊ အုတ်ဖိုကျေးရွာက အထက(ခွဲ)ကျောင်းမှာလည်း ကျောင်းအဆောက်အအုံ တွေနဲ့ ပရိဘောဂတွေကို လှူဒါန်းသွားမယ်လို့ သိရပါတယ်။

မြန်မာ့ရှေ့ဆောင်ဘဏ်(MAB)ကို ၂၀၁၀ ပြည့်နှစ်၊ ဇူလိုင် ၂ ရက်က စတင်ဖွဲ့စည်းဖွင့်လှစ်ခဲ့တာဖြစ်ပြီး လက်ရှိမှာ ဘဏ်ခွဲပေါင်း ၉၈ ခု ဖွင့်လှစ်ထားပြီးဖြစ်ရာ မြန်မာနိုင်ငံရှိ ပုဂ္ဂလိကဘဏ်တွေအနက် ထိပ်ဆုံး ၅ ဘဏ်စာရင်းထဲမှာ ပါဝင်ထားပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top