ပြည်တွင်း သတင်းတိုကဏ္ဍ

29178044_1836092766465531_8551565296746480721_n.jpg

ဒီတစ်ပတ်အတွက် ပြည်တွင်းသတင်းတို ကဏ္ဍမှာ ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကို အဆင့်မြှင့်တင်တော့မယ့် သတင်း၊ ရခိုင်ပြည်နယ် အတွင်း ပြန်ရောက်နေထိုင်လိုတဲ့  ဘင်္ဂါလီတွေကို စိစစ်လက်ခံသွားမယ့်သတင်း၊

တအန်းလက်နက်ကိုင်တပ်ဖွဲ့နဲ့ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ သတင်း၊ တောင်ဒဂုံမြို့နယ်မှာ ခါးပိုက်နှိုက်သုံးဦးကို ဖမ်းဆီးမိခဲ့တဲ့သတင်း၊ တိုက်မိုင်းတစ်လုံး ပေါက်ကွဲလို့ ဒေသခံတစ်ဦး ဒဏ်ရာရတဲ့ သတင်းနဲ့ ကချင်ပြည်နယ်မှာ တရားမဝင်သစ်တွေဖမ်းမိတဲ့ သတင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကို အဆင့်မြှင့်တင်သွားမယ်

အပြည်ပြည်ဆိုင်ရာ စံသတ်မှတ်ချက်တွေနဲ့ ကိုက်ညီအောင် ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးကို ADB ချေးငွေတွေနဲ့ AC ခင်းခြင်း၊ Raised Medium မှ Depressed Medium ပြောင်းလဲခြင်း၊ ၂ ဒဿမ ၅ မီတာရှိ အတွင်း၊ အပြင်လမ်းပုခုံးပြုလုပ်ခြင်း၊ ခြံစည်းရိုးခတ်ခြင်း၊ Guard Rail များတပ်ဆင်ခြင်းတွေနဲ့ လက်ရှိလေးလမ်းသွားလမ်းမကြီးကို နိုင်ငံတကာ အဆင့်မီလမ်းမကြီးအဆင့်ရှိအောင် ဆောင်ရွက်သွားမယ်လို့ ဆောက်လုပ်ရေး ဒုတိယဝန်ကြီး ဦးကျော်လင်းက မတ် ၁၄ ရက်မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပြောကြားသွားခဲ့ပါတယ်။

ဒီလိုအဆင့်မြှင့်တင်နိုင်ဖို့အတွက်လည်း ရန်ကုန်မှ ဘောနက်ကြီးအထိ မိုင် ၄၀ အပိုင်းကို ADB ချေးငွေတွေနဲ့ နိုင်ငံတကာအဆင့်မီ Expressway အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်သွားဖို့အတွက်လည်း ပြည်ထောင်စုလွှတ်တော်ကို တင်ပြထားပြီးဖြစ်တယ်လို့ ဦးကျော်လင်းကပြောကြားသွားခဲ့ပါတယ်။

 

ဓာတ်ပုံ – ပြည်သူ့လွှတ်တော်

 

ရခိုင်ပြည်နယ်အတွင်းပြန်ရောက်နေထိုင်လိုတဲ့ ဘင်္ဂါလီတွေကို တစ်ရက် လူ ၃၀၀ နှုန်းနဲ့ စိစစ်လက်ခံသွားမယ်

ရခိုင်ပြည်နယ်က အကြမ်းဖက်တိုက်ခိုက်တာတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးတိမ်းရှောင်သွားပြီး ပြန်လည်ဝင်ရောက်လိုနေတဲ့ ဘင်္ဂါလီတွေကို တစ်ရက် လူ ၃၀၀ နှုန်းနဲ့ စိစစ် လက်ခံဆောင်ရွက်သွားမယ်လို့ မတ် ၁၄ ရက်မှာ ကျင်းပပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်မှာ လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က ဖြေကြားခဲ့ပါတယ်။

ပြန်လည်ဝင်ရောက်လိုတဲ့ ဘင်္ဂါလီတွေကို ရခိုင်ပြည်နယ်ထဲက တောင်ပြိုလက်ဝဲ လက်ခံရေးစခန်းနဲ့ ငါးခူရ လက်ခံရေး စခန်းတို့မှ စခန်း တစ်ခုကို တစ်ရက် လူ ၁၅၀ နှုန်းနဲ့ တစ်ရက် လူ ၃၀၀ ဦးကို ရက်သတ္တပတ် ငါးရက် လက်ခံဆောင်ရွက်သွားမယ်လို့ ဦးစိုးအောင်က ဖြေကြားခဲ့ပါတယ်။

ပြန်လည်ဝင်ရောက်လိုတဲ့ ဘင်္ဂါလီတွေကို မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူလက်မှတ်ရေးထိုးထားတဲ့ မြန်-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများကို ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သူက ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ- ပြည်သူ့လွှတ်တော်

 

တအန်းလက်နက်ကိုင်တပ်ဖွဲ့နဲ့ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား

တအန်းလက်နက်ကိုင်တပ်ဖွဲ့(TNLA) နဲ့ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့(RCSS) တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ TNLA က မတ်လ ၁၀ ရက်က သတင်းထုတ်ပြန်လိုက်ပါတယ်။

ရှမ်းပြည်နယ် နမ့်ဆန်မြို့နယ် နဲ့ ကျောက်မဲမြို့နယ်စပ်ကြား ကြက်သေကျေးရွာနဲ့ ကျောက်မဲမြို့နယ် ခွန်ကော်ကျေးရွာ၊ တောဖယ်ကျေးရွာနဲ့ နမ့်အန်ကျေးရွာ အနီးမှာ မတ် ၁၀ ရက် နံနက် ၆ နာရီ ၂၀ မိနစ်မှာတစ်ကြိမ်၊ TNLA တပ်ရင်း ၂၅၆ နဲ့ RCSS တပ်ဖွဲ့တို့ တိုက်ပွဲတစ်ကြိမ်၊ နမ္မတူမြို့နယ် ၊ မန်ကျော့ကျေးရွာ မတ် ၁၀ ရက် နံနက် ၇ နာရီ ၅၀ မိနစ်မှာ တစ်ကြိမ် TNLA နဲ့ RCSS တို့ တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ TNLA က သတင်းထုတ်ပြန်ထားပါတယ်။

ကျောက်မဲမြို့နယ် နဲ့ နမ့်ဆန်မြို့နယ် အစပ်တိုက်ပွဲမှာ RCSS တပ်ဖွဲ့ရဲ့ တပ်စခန်းအချို့ကို ရှင်းလင်းနိုင်ခဲ့ပြီး စခန်းရှင်းလင်းတဲ့အချိန်မှာ RCSS တပ်ဖွဲ့ရဲ့ လက်နက်လေးလက်၊ ရုပ်အလောင်းသုံးလောင်း နဲ့ စစ်ဝတ်တန်ဆာပစ္စည်းများ၊ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ- TNLA

 

တောင်ဒဂုံမြို့နယ်မှာ ခါးပိုက်နှိုက်သုံးဦးကို ဖမ်းဆီးအရေးယူ

တောင်ဒဂုံမြို့နယ်ထဲမှာ YBS ကားတွေပေါ်မှာ ခါးပိုက်နှိုက်ခဲ့တဲ့ ခါးပိုက်နှုက်သုံးဦးကို ဖမ်းဆီးအရေးယူလိုက်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

ဒီလ ၁၄ ရက်မှာ တောင်ဒဂုံမြို့နယ် အမှတ် ၂ လမ်းမကြီး၊ ကားကြီးဂိတ်မှတ်တိုင်မှာ ခရီးသည်အတင်အချပြုလုပ်နေတဲ့ YBS နံပါတ် ၆ ပေါ်က ဆင်းလာတဲ့ အမျိုးသားနှစ်ဦးကို ရဲတပ်ဖွဲ့ဝင်တွေက စစ်ဆေးခဲ့ပါတယ်။ ဒီလိုစစ်ဆေးတဲ့အခါမှာ အမျိုးသားတစ်ဦးရဲ့ ကျောပိုးအိတ်အတွင်းက ခါးပိုက်နှိုက်ယူထားတဲ့ Samsung အမျိုးအစားလက်ကိုင်ဖုန်း နဲ့ ငွေကျပ် ၁၇၀၀၀ ကိုတွေ့ရှိခဲ့တာကြောင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်းမှာ အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

အလားတူ တောင်ဒဂုံမြို့နယ် အမှတ် ၂ လမ်းမကြီး တံတားဖြူမှတ်တိုင်မှာ YBS နံပါတ် ၆၀ ကားပေါ်က ဆင်းလာတဲ့ အမျိုးသားတစ်ဦးရဲ့ လွယ်အိတ်ကို စစ်ဆေးခဲ့ရာမှာ ခါးပိုက်နှိုက်ယူထားတဲ့ Mi အမျိုးအစား လက်ကိုင်ဖုန်း နဲ့ ငွေကျပ် ၁၃၀၀၀ တွေ့ရှိခဲ့တာကြောင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်းမှာ အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ- Yangon Police

 

တိုက်မိုင်းတစ်လုံး ပေါက်ကွဲလို့ ဒေသခံတစ်ဦး ဒဏ်ရာရ

ရှမ်းပြည်နယ် မြောက်ပိုင်း မန်တုံမြို့နယ် ဝိုင်ပတ်ကျေးရွာနေ မောင်အိုက်ဆမ်မန်(ဘ)ဦးစိုင်းမွန်းဟာ မတ် ၁၂ ရက် နံနက်ပိုင်း ဝိုင်းပတ်ကျေးရွာ နဲ့ ပိန်းကိုင်ကျေးရွာကြား ကျွဲ/နွား ကျောင်းနေချိန် ချုံအတွင်းက ဝါယာကြိုး တစ်ချောင်းတွေ့ရှိ၍ ဆွဲယူလိုက်ချိန်မှာ အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် တိုက်မိုင်းတစ်လုံးပေါက်ကွဲလို့ မိုင်းစထိမှန် ဒဏ်ရာများရရှိကာ နမ့်ခမ်းမြို့ ပြည်သူ့ဆေးရုံမှာ တက်ရောက်ဆေးကုသမှု ခံယူနေရတယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

 

ကချင်ပြည်နယ်မှာ တရားမဝင်သစ်တွေဖမ်းမိ

ကချင်ပြည်နယ် ဆဒုံးမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေဟာ မတ် ၁၁ ရက် နံနက်ပိုင်း ဘွန်တောင်ကျေးရွာ အရှေ့မြောက်ဘက် ၄ မိုင်ခန့်အကွာမှာ တရားမဝင်အထပ်သားထုတ်လုပ်တဲ့ စက်တစ်လုံး၊ သစ်အလွှာသား ၂၀၀ ချပ်၊ စကားဝါ၊ ရေမနေသစ်လုံးဆိုဒ်စုံ ၄၆၀ လုံး(ခန့်မှန်း ၉၅တန်)ကိုလည်းကောင်း၊ ဘွန်တောင်ကျေးရွာရဲ့ မြောက်ဘက် ၆ မိုင်အကွာ စကားဝါ၊ ရေမနေသစ်လုံးဆိုဒ်စုံ ၄၃၀ လုံး(ခန့်မှန်း ၆ဝတန်) ကို ပိုင်ရှင်းမဲ့သိမ်းဆည်းရမိခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ဒီလို သိမ်းဆည်းရမိတဲ့ တရာမဝင်သစ်တွေနဲ့ အထပ်သား ထုတ်လုပ်တဲ့ စက်ကို ဝိုင်းမော်မြို့နယ် သစ်တောဦးစီးဌာနကို စနစ်တကျလွှဲပြောင်းအပ်နှံသွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

သားကို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top