ငလျင်ဆိုင်ရာ အသိအမြင် မြှင့်တင်ရေး လူထုလှုပ်ရှားမှု ပြုလုပ်မယ်

mm_earthquake01.jpg

(ရန်ကုန် | ဖေဖော်ဝါရီ ၁၄ ရက်)
ငလျင်ဘေးအန္တရာယ်နဲ့ပတ်သက်တဲ့ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းတွေ၊ အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်းတွေ ကို ထိရောက်စွာဆောင်ရွက်နိုင်စေဖို့အတွက် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိအမြင်မြင့်တင်ရေး ရက်သတ္တပတ် လူထုလှုပ်ရှားမှုကို မြို့နယ် ၇ မြို့နယ်မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
“ကိုယ့်ရဲ့အသက်အိုးအိမ်မဆုံးရှုံးအောင်၊ သေဆုံးတာတွေ လျော့နည်းအောင် ဘယ်လိုပြင်ဆင်ထား သင့်သလဲဆိုတာကို သိရှိထားဖို့ လိုအပ်ပါတယ်။ ဒါတွေကို သိရှိစေချင်တာပါ” လို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန(ရန်ကုန်)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းဝင်းက ပြောပါတယ်။
လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းဝင်း
အဲဒီလှုပ်ရှားမှုကို ဖေဖော်ဝါရီ ၁၆ ရက်ကနေ ၂၂ ရက်အထိ ပြုလုပ်သွားမှာဖြစ်ပြီးတော့ ကျောက်တံတား၊ သန်လျင်၊ ဒဂုံဆိပ်ကမ်း၊ လှိုင်သာယာ၊ ကျောက်တန်း၊ တောင်ဥက္ကလာပ၊ မင်္ဂလာတောင်ညွှန့် စတဲ့မြို့နယ်တွေမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
အခုလိုပြုလုပ်မယ့် ရက်သတ္တပတ်လှုပ်ရှားမှုမှာ ငလျင်နဲ့ပတ်သက်တဲ့ ပညာပေးအစီအစဉ်တွေ၊ ငလျင် အန္တရာယ်လျော့ပါးရေး အသိပညာပေးဟောပြောပွဲတွေ၊ လက်တွေ့ သရုပ်ပြတာတွေ၊ ဇာတ်တိုက်လေ့ကျင့်တာ တွေကို ဆောင်ရွက်သွားမှာပဲ ဖြစ်ပါတယ်။
“၂၀၁၉ ခုနှစ်မှာ ငလျင်လှုပ်တာ များလာတယ်။ သတိထားရမယ့် အနေအထား ဖြစ်လာတယ်။ ငလျင်က မြေအောက်ကလာတဲ့အတွက် ကြိုတင်ခန့်မှန်းလို့ မရဘူး။ အဲတော့ ကြိုတင်ပြင်ဆင်တာကို ကောင်းကောင်းလုပ် ထားဖို့လိုပါတယ်”လို့ မြန်မာနိုင်ငံမြေငလျင်ကော်မတီ နာယက ဒေါ်လှလှအောင်က ပြောပါတယ်။
ဒီလှုပ်ရှားမှုစတင်တဲ့ ပထမနေ့ဖွင့်ပွဲကို မဟာဗန္ဓုလပန်းခြံအတွင်းမှာ ပြုလုပ်သွားမှာဖြစ်ပြီး အသိပညာပေး ပြခန်းတွေ၊ သဏ္ဏာန်တူသရုပ်ဖော်ပြခန်းတွေ၊ အမေးအဖြေအစီအစဉ်တွေ၊ ကယ်ဆယ်ရေးသရုပ်ပြအစီအစဉ်တွေနဲ့ ဖျော်ဖြေရေးအစီအစဉ်တွေကိုပါ ထည့်သွင်းကျင်းပသွားမှာ ဖြစ်ပါတယ်။
ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိအမြင်မြင့်တင်ရေး ရက်သတ္တပတ်လှုပ်ရှားမှုကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကုလသမဂ္ဂအဖွဲ့အစည်းတွေ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေ၊ ဒေသတွင်းလူမှုရေး အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ဆောင်ရွက်တာ ဖြစ်ပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top