ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်အား တာဝန်မှရုပ်သိမ်းရန် အဆိုတင်

28-5-2020-yyl-010.jpg

ရန်ကုန် မေ ၂၈

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်အား တာဝန်မှရုပ်သိမ်းရန်အဆိုကို မေ ၂၈ ရက်၊ နံနက်ပိုင်းက ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းပြင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်က တင်သွင်းခဲ့ပါတယ်။

ဦးစိုင်းထွန်းစိန်အပါအဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၁၀ ဦးတို့က လက်မှတ်ရေးထိုးပြီး တင်သွင်းခဲ့တဲ့ အဲဒီအဆိုကို လက်မှတ်ရေးထိုးထားတဲ့ကိုယ်စားလှယ်တွေကိုယ်စား ဦးစိုင်းထွန်းစိန်က ဒီနေ့အစည်းအဝေးမှာ တင်သွင်းခဲ့တာဖြစ်ပါတယ်။

ပြည်သူလွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ဟာ ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ-၂၁ တွင် ပါရှိသော အချက်(၂)ချက်နှင့် ငြိစွန်းတာကို တွေ့ရှိရတဲ့အတွက် ဒီအဆိုကို တင်သွင်းရတာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်က ဆိုပါတယ်။

ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ-၂၁ (ခ) ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ခြင်းနဲ့ ပုဒ်မ-၂၁ (ဃ) ဥပဒေအရ ပေးအပ်သော တာဝန်များကို ကျေပွန်စွာမဆောင်ရွက်ခြင်းဆိုတဲ့ အချက်များနဲ့ ငြိစွန်းကြောင်း တွေ့ရှိရတဲ့အတွက် ပြည်သူ့ လွှတ်တော်ဆိုင်ရာနည်းဥပဒေပုဒ်မ-၁၁၅ အရ တာဝန်မှရုပ်သိမ်းပေးရန်ဆိုပြီး တင်သွင်းခဲ့တာဖြစ်ပါတယ်။

ပြည်သူ့ လွှတ်တော်ဆိုင်ရာနည်းဥပဒေပုဒ်မ-၁၁၅ အရ ဥက္ကဋ္ဌ ဒါမှမဟုတ် ဒုတိယဥက္ကဋ္ဌ သို့မဟုတ် နှစ်ဦးလုံးကို တာဝန်မှရုပ်သိမ်းဖို့ အဆိုတင်သွင်းလိုပါက လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းရဲ့ လေးပုံ၊ တစ်ပုံက လက်မှတ်ရေးထိုးရမှာဖြစ်ပြီး ဥက္ကဋ္ဌကို တာဝန်ရုပ်သိမ်းလိုပါက ဒုတိယဥက္ကဋ္ဌထံ တင်သွင်းရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

အခုလိုတင်သွင်းခဲ့တဲ့အဆိုကို ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးဆုံးဖြတ်သွားမှာဖြစ်ပြီးတော့ ဆွေးနွေးလိုတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ မေ ၂၉ ရက်၊ ညနေ ၄ နာရီနောက်ဆုံးထားပြီး အမည်စာရင်း တင်သွင်းရမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ – ပြည်သူ့လွှတ်တော်

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top