လူတိုင်းသိတဲ့ ကမ္ဘာကျော်ဇိမ်ခံ Brand ကြီးဖြစ်တဲ့ Louis Vuitton ဖြစ်မလာခင်က ‘လူးဝစ်ဗီတွန်’ ဆိုတာ ပြင်သစ်နိုင်ငံထဲမှာ ပိုက်ဆံတစ်ပြားမှ မရှိတဲ့ မိဘမဲ့အိုးမဲ့အိမ်မဲ့ ကောင်လေးတစ်ယောက်ပါ။ အသက် ၁၃ နှစ်သားအရွယ်မှာတင် အိမ်က နှိပ်စက်တာ မခံနိုင်လို့ ထွက်ပြေးလာပြီး ပါရီမြို့အထိ ၂၉၂ မိုင်ခရီးကို ခြေကျင်လျှောက်ခဲ့ရသူပါ။ ပိုက်ဆံလည်းမရှိ၊ အဆက်အသွယ်လည်းမရှိ၊ ကျောင်းလည်း မနေခဲ့ရဘူး။
လမ်းမှာ ကြုံရာကျပန်း အလုပ်ကြမ်းတွေ ဝင်လုပ်၊ အဆင်ပြေတဲ့နေရာမှာ အိပ်ရင်းနဲ့ ခရီးဆက်ခဲ့ရတာပါ။ လူတွေက ဇိမ်ခံပစ္စည်းလုပ်ငန်းတွေကို အထက်တန်းလွှာသူဌေးတွေပဲ စခဲ့တာလို့ ထင်ကြတယ်။ ဒါပေမဲ့ လူးဝစ်ဗီတွန်က သူဌေးတွေ နှစ်ပေါင်းများစွာ သတိမထားမိတဲ့ ပြဿနာလေးတစ်ခုကို ဖြေရှင်းပေးရင်းနဲ့ သူ့ရဲ့အင်ပါယာကို တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။
၁၈၀၀ ပြည့်နှစ်တွေတုန်းက သူဌေးတွေသုံးတဲ့ ခရီးဆောင်သေတ္တာတွေဟာ အပေါ်ဘက်ခုံးနေတဲ့ ဒီဇိုင်းမျိုးပါ။ ကြည့်လို့ကောင်းပေမဲ့ တကယ်တမ်း ခရီးသွားတဲ့အခါကျတော့ အဆင်မပြေဘူး။ မျက်နှာပြင် ခုံးနေတော့ ရထားတွေ၊ သင်္ဘောတွေပေါ်မှာ တစ်လုံးပေါ်တစ်လုံး ထပ်စီလို့မရဘူး။
သေတ္တာတွေက လိမ့်ပြီး ပြုတ်ကျ၊ ပျက်စီးကုန်တယ်၊ သယ်ရတာ အရမ်းဒုက္ခရောက်တယ်။ လူးဝစ်ဗီတွန်က ဒီအားနည်းချက်ကို မြင်သွားခဲ့တာပါ။ ဒါနဲ့ သူက ခရီးဆောင်သေတ္တာဒီဇိုင်းကို လုံးဝပြောင်းလဲလိုက်တယ်။ အပေါ်ကို ပြားပြားလေး လုပ်လိုက်တယ်။ ကိုယ်ထည်ကို ပေါ့ပါးတဲ့ ကန်ဗတ်စ (Canvas)နဲ့ လုပ်တယ်။ ခရီးဆောင်သေတ္တာတွေကို တလုံးနဲ့တလုံး ဆင့်ပြီး တင်လို့ရအောင် လုပ်တယ်။ ပိုခိုင်ခံ့အောင်လုပ်ပြီး ရေမဝင်အောင် ဖန်တီးလိုက်တယ်။ အဲဒီဒီဇိုင်း အပြောင်းအလဲတစ်ခုတည်းနဲ့တင် ခရီးသွားတဲ့ပုံစံကို လုံးဝပြောင်းလဲပစ်လိုက်နိုင်တယ်။ သူ့ပစ္စည်းက လှရုံတင်မဟုတ်ဘဲ တကယ်ကို အသုံးဝင်သွားတာ။ ဒါကပဲ သူ့စီးပွားရေးရဲ့ အောင်မြင်မှုအုတ်မြစ် ဖြစ်လာခဲ့တယ်။
သူ့သေတ္တာတွေက လူချမ်းသာ ခရီးသည်တွေ၊ ဥရောပအထက်တန်းလွှာတွေကြားထဲမှာတင် မကဘဲ ပြင်သစ်မိဖုရား ‘အူးဇင်းနီး’ (Empress Eugénie) လို တော်ဝင်မိသားစုတွေအထိပါ အကြိုက်တွေ့စေခဲ့တယ်။ ဒါဟာ သူ့လုပ်ငန်းရဲ့ အကြီးမားဆုံး တံတိုင်း ဖြစ်လာခဲ့တယ်။ ဒီပစ္စည်းကို သုံးရင် ငါတို့က အထက်တန်းလွှာပဲလို့ စိတ်ထဲစွဲသွားတဲ့အခါ ဈေးတင်ရောင်းလို့ ရသွားတာကြောင့်ပါပဲ။ စီးပွားရေးသမားအတွက်တော့ အမြတ်အများကြီး ရတာပေါ့။
နောက်ပိုင်းမှာတော့ ကုမ္ပဏီက ခရီးဆောင်သေတ္တာတင်မကဘဲ လက်ကိုင်အိတ်၊ သားရေထည်၊ ဖက်ရှင်၊ လက်ဝတ်ရတနာ၊ ရေမွှေး အစရှိတဲ့ ပစ္စည်း အစုံအလင် ထုတ်လုပ်ပြီး လုပ်ငန်း ချဲ့ထွင်ခဲ့တယ်။ သူ့လုပ်ငန်းကိုအရှိန်အဟုန်နဲ့ ထိုးဖောက်နိုင်ခဲ့တဲ့ အဓိကအချက်တခုက အမှတ်တံဆိပ်ရဲ့ သြဇာပါပဲ။
လက်ရှိအချိန်မှာတော့ LVMH အုပ်စုကြီးတစ်ခုလုံးရဲ့ တန်ဖိုးဟာ ဒေါ်လာဘီလီယံ ၅၀၀ လောက်အထိ ရှိလာပြီး ကမ္ဘာ့တန်ဖိုးအရှိဆုံး ကုမ္ပဏီကြီးတွေထဲကတစ်ခု ဖြစ်လာခဲ့တယ်။ သူတို့စီးပွားရေးရဲ့ လျှို့ဝှက်ချက်က ဖက်ရှင်လှလှလေးတွေ လုပ်တာတစ်ခုတည်း မဟုတ်ပါဘူး။ ပစ္စည်းကို လိုသလောက်ပဲထုတ်ပြီး ရှားပါးအောင် ထိန်းချုပ်တာ၊ ဈေးနှုန်းကို ထိန်းချုပ်တာ၊ ဘယ်ဆိုင်မှာပဲ ရမယ်ဆိုတာကို ထိန်းချုပ်တာ၊ လူတွေရဲ့ ဂုဏ်သိက္ခာကို ထိန်းချုပ်တာ အစရှိတဲ့ အချက်တွေကြောင့်လည်း ပါပါတယ်။
လူးဝစ်ဗီတွန် ပစ္စည်းတွေက ဈေးလျှော့ချတာ (Sale ချတာ) လုံးဝမရှိသလောက်ပဲ။ Brand ရဲ့ တန်ဖိုးကို အမြဲထိန်းထားလေ့ရှိပါတယ်။ (လူးဝစ်ဗီတွန်ပစ္စည်းသုံးသူတွေရဲ့ စိတ်ထဲမှာ) “ငါက အထက်တန်းလွှာ” ဆိုတဲ့ လူမှုအဆင့်အတန်း စိတ်ပညာကို ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးမော်ဒယ်အဖြစ် ပြောင်းလဲပစ်နိုင်ခဲ့လို့လည်း အခုလို အောင်မြင်ခဲ့တာလို့လည်း ဆိုနိုင်ပါတယ်။
Ref: Louis Vuitton
NZ (ရိုးရာလေး)

