အူရီဒူးမြန်မာမှ လူမှုအကျိုးပြု လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် လူမှုကယ်ဆယ်‌ရေး အရေးပေါ်ယာဉ်များ လှူဒါန်းပေးအပ်

Ooredoo-donates-two-vehicles-to-Daw-Khin-Kyi-Foundation-1.jpg
  • မြန်မာနိုင်ငံအတွင်း အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုနှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်နိင်ရန်အတွက် အရေးပေါ်အချက်ပေး ကိရိယာ ပစ္စည်းများ အပြည့်အစုံပါရှိသည့် လူမှုကယ်ဆယ်ရေး အရေးပေါ် ယာဉ် ၂ စီးအား အူရီဒူးမြန်မာမှ လှူဒါန်းပေးခြင်း။
  • အူရီဒူးမှ မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်များ အတွက် ပံ့ပိုး ကူညီပေးသွားမည် ဟူသည့် ရည်သန်ချက်အတိုင်း ဆက်လက်လုပ်ဆောင်ပေးခြင်း။

အူရီဒူးမြန်မာသည် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ လူမှုအကျိုးပြု လုပ်ငန်းဆောင်ရွက်ချက်များ နှင့် ပံ့ပိုးကူညီမှုများကို လေးစားအသိအမှတ်ပြုသည့်အနေဖြင့် ပစ္စည်းကိရိယာ အပြည့်အစုံပါရှိသော လူမှုကယ်ဆယ်ရေး အရေးပေါ်ယာဉ် ၂ စီးအား ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းထံ လွှဲပြောင်းပေးအပ် လှူဒါန်းခဲ့သည်။ အဆိုပါ လွှဲပြောင်းပေးအပ်ပွဲအား ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရုံး၌ ကျင်းပပြုလုပ်ခဲ့ပြီး အူရီဒူးမြန်မာ၏ Head of Corporate Communications ဖြစ်သူ ဦးတင့်နိုင်ထွဋ်မှ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ တာဝန်ရှိသူများထံ လူမှုကယ်ဆယ်ရေး အရေးပေါ်ယာဉ်များအား လွှဲပြောင်းပေးအပ်ခဲ့သည်။

“ဒီနေ့ အခမ်းအနားဟာ အူရီဒူးမြန်မာအတွက် ထူးခြားလှတဲ့ အခမ်းအနား တစ်ခုဖြစ်ပြီး အူရီဒူး အနေနဲ့ မြန်မာနိုင်ငံက ပြည်သူလူထုကို အခုလို တစ်ဖက်တစ်လမ်းက ကူညီခွင့်ရတဲ့အတွက် အမှန်တကယ်ကို ဝမ်းမြောက်မိပါတယ်။ တာဝန်သိ စီးပွားရေးလုပ်ငန်း တစ်ခုဖြစ်တာနဲ့ အညီ အူရီဒူးမြန်မာ အနေနဲ့ နိုင်ငံတွင်း ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍတွေကို မြှင့်တင်ပေးသွားနိုင်မယ့် လူမှုအကျိုးပြု လုပ်ငန်းတွေကို လုပ်ဆောင်သွားဖို့ ရည်သန်ထားပြီး လက်ရှိမှာလည်း ဒီကဏ္ဍနှစ်ခုရဲ့ လိုအပ်ချက်တွေကို အကောင်းမွန်ဆုံး ဖြည့်ဆည်းပေးသွားနိုင်ဖို့ ကြိုးပမ်းလုပ်ဆောင် နေပါတယ်။ လူမှုအကျိုးပြုလုပ်ငန်း တွေနဲ့ ပတ်သက်လာရင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ လုပ်ဆောင်ချက်တွေဟာ အကောင်းမွန်ဆုံး သက်သေသာဓက တစ်ခုဖြစ်ပြီး ဖောင်ဒေးရှင်းရဲ့ လုပ်ဆောင်ချက်တွေကို တစ်ဖက်တစ်လမ်းကနေ အသိအမှတ်ပြုအားပေးလိုတဲ့ အတွက်လည်း အခုလို ကူညီပေးခဲ့ခြင်း ဖြစ်ပါတယ်။” ဟု အူရီဒူးမြန်မာ၏ Head of Corporate Communications ဖြစ်သူ ဦးတင့်နိုင်ထွဋ်မှ ပြောကြားသွားခဲ့ပါသည်။

လှူဒါန်းပေးအပ်ခဲ့သော ယာဉ်များတွင် အဲယားကွန်းနှင့် အပူပေးစနစ်များ၊ လူနာရှင်ထိုင်ခုံ၊ ပစ္စည်းသိုလှောင်ဗီရို၊ ခေါက်စားပွဲ၊ မီးသီး၊ လက်ဆေးဘေစင်နှင့် ဗို့အား ၁၁၀/၂၂၀ ရှိ လျှပ်စစ်အင်ဗာတာစနစ် အစရှိသည့် လျှပ်စစ်စနစ်၊ ရေပိုက်ဆက်သွယ်မှုစနစ် နှင့် ပရိဘောဂအစရှိသည့် ပစ္စည်းကိရိယာများ အပြည့်အစုံ တပ်ဆင်ထားပြီး ဖြစ်သည့် အပြင်၊ အရေးပေါ်အခြေအနေများအတွက် အင်တာကွန်း ဆက်သွယ်ရေးစနစ်နှင့် ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာများလည်း ပါရှိပါသည်။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသည် အဆိုပါယာဉ်များအား နိုင်ငံတွင်း အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုနှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်ရန် လိုအပ်သည့်နေရာများတွင် အသုံးပြုသွားမည် ဖြစ်သည်။

အူရီဒူးမြန်မာသည် အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုနှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်ရာတွင် လူမျိုး၊ ဘာသာ မခွဲခြားဘဲ လုပ်ဆောင်သင့်သည်ဟု ယုံကြည်ထားပြီး ထိုနည်းတူစွာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အနေဖြင့်လည်း လိုအပ်သည့်နေရာ၊ လိုအပ်သည့် အချိန်များတွင် ကူညီထောက်ပံ့မှုများအား ပေးအပ်သွားရန် ရည်သန်လုပ်ဆောင်လျက် ရှိသည်။ ထို့အတူပင် ကဏ္ဍတစ်ခုချင်းစီအတွင်း တဖြည်းဖြည်းချင်း တိုးတက်လာခြင်းသည် အားလုံးအတွက် ပိုမိုကောင်းမွန်သော အနာဂတ်ကို ဖန်တီးနိုင်မည်ဟု အူရီဒူးမြန်မာနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတို့မှ ယုံကြည်ထားကြပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top