ကျောက်ဆောင်ပေါ်ကနေ ပြုတ်ကျခဲ့လို့ ကိုယ်တစ်ပိုင်းသေသွားတဲ့ မိန်းကလေး မာရသွန် အပြေးပွဲ ဝင်ပြိုင်

5793624-0-image-a-28_1541433309899.jpg

၂၀၁၆ ခုနှစ်တုန်းက ထိုင်းနိုင်ငံကိုအလည်လာခဲ့တဲ့ နယူးယောက်မြို့သူ ဟန်နာ (Hannah) ဟာ ကမ်းခြေမှာ ဒေသခံတစ်ယောက်ဆီ လမ်းညွှန်မေးမြန်းနေရင်း လှည့်ဖျားခေါ်ဆောင်ခံခဲ့ရပြီး တောတွင်း လူပြတ်တဲ့တစ်နေရာမှာ ၁၀ နာရီကြာအထိ အဓမ္မပြုကျင့်ခံခဲ့ရပါတယ်။

အဆိုပါဖြစ်စဉ်မှာ ဟန်နာဟာ ပြေးရင်းလွှားရင်း ရုန်းရင်းကန်ရင်း ပေ ၁၅၀ အမြင့်ရှိတဲ့ ကျောက်ဆောင်တစ်ခုပေါ်ကနေ ပြုတ်ကျသွားခဲ့တယ်။ ကျောရိုးအာရုံကြောမကြီးကို ထိခိုက်မှုပြင်းထန်ခဲ့ရာကနေ ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ်တစ်ပိုင်းသေသွားခဲ့ရပြီး ဟန်နာတစ်ယောက် ကြမ္မာဆိုးဆိုက်ခဲ့ပါတယ်။

အခုချိန်မှာတော့ ဟန်နာဟာ နှစ်နှစ်တာ ဘဝခရီးကြမ်းကို ပြန်ရုန်းထအနိုင်ယူပြီး နာလန်ထူလာနိုင်ခဲ့ပြီလို့ အပ်ချမတ်ချပြောနိုင်ပါပြီ။ သူဟာ လမ်းပြန်လျှောက်နေနိုင်ပြီဖြစ်သလို သူ့ရဲ့ဘဝရည်မှန်းချက်တစ်ခုကို ရုပ်လုံးဖော်ဖို့ အားကောင်းသူဖြစ်နေခဲ့ပါပြီ။ ဟန်နာက လက်ရှိမှာ နယူးယောက်မာရသွန်အပြေးပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် တစ်ရက်ကို ခြောက်နာရီ၊ ၁၆ မိုင် အပြေးလေ့ကျင့်ပြီး အချိန်ယူပြင်ဆင်နေပါတယ်။

ချိုင်းထောက်ကိုသာ အသုံးပြုနေရဆဲ ဟန်နာရဲ့ ဇွဲနပဲကြီးကြီးနဲ့ စိတ်အားထက်သန်ပုံက အင်မတန် အံ့အားသင့်စရာကောင်းသလို အားတက်စရာလည်းကောင်းလှပါတယ်။ သူဟာ ဘဝမှာ မျှော်လင့်မထားခဲ့တဲ့ အခြေအနေဆိုးတစ်ခုကို ကျော်ဖြတ်န်ိုင်ခဲ့ပြီးနောက်မှာတော့ သူ့ကိုယ်သူ ပိုမိုကြံ့ခိုင်လာတဲ့လူတစ်ယောက်အနေနဲ့ စိတ်ပိုင်းဆိုင်ရာအရပါ ပိုမိုပြင်းပြသန်မာသူတစ်ယောက်အဖြစ် ရပ်တည်သွားနိုင်စေဖို့ ခိုင်းစေနိုင်ခဲ့တယ်။

ဟန်နာဟာ ပြင်းထန်တဲ့ရောဂါကုထုံးကို တစ်နှစ်ကြာခံယူပြီးချိန်မှ ချိုင်းထောက်သုံးပြီး စတင်လမ်းလျှောက်နိုင်ခဲ့ပါတယ်။ ဒယိမ်းဒယိုင်နဲ့ယိမ်းထိုးနေတဲ့သူ့ကို လူလေးယောက်က ဝိုင်းတွဲပေးခဲ့ရတယ်။ လှေကားတစ်ထစ်စာတက်ဖို့ရာ အားကုန်ထုတ်ခဲ့ရတယ်။ ဒီအခြေအနေကနေ လွတ်မြောက်ချင်လှတဲ့ ဟန်နာဟာ မဖြစ်ဖြစ်အောင် ရုန်းထပစ်ခဲ့တယ်။ အခုချိန်မှာဆို ခြေလျင်ခရီးရှည်ထွက်နေနိုင်ပါပြီ။ ယောဂဆရာမတစ်ယောက်အဖြစ်လည်း ရပ်တည်နိင်ပါပြီ။ ကျောက်ကမ်းပါးယံပေါ် တွယ်တက်တဲ့အားကစားနည်းကိုတောင် ကောင်းကောင်းကစားနေနိုင်ပါပြီ။ ဟန်နာရဲ့ စိတ်အင်အားက သူ့ဘဝကို အဓိကမောင်းနှင်ပေးသွားခဲ့တာပါပဲ။ ဟန်နာကတော့ သူ့အကြောင်းခံစားမှုကို အခုလိုပြောပြသွားပါတယ်။

“ဆရာဝန်တွေက ကျွန်မကိုလမ်းပြန်လျှောက်နိုင်မယ်တောင်မထင်တော့ဘူး။ ကိုယ့်ခြေထောက်နဲ့ကိုယ်သာ မရပ်နိုငေ်တာ့ရင် ဆိုတဲ့အသိက တကယ့် ကြောက်စရာပါပဲ။ လမ်းပြန်လျှောက်စမှာ လူလေးယောက်ကူခဲ့ရတယ်။ ကျွန်မရဲ့ကြွက်သားတွေ သိမ်ဝင်ပြီး ကျုံ့သွားခဲ့တယ်။ ဒါကိုမြင်တော့ တုန်လှုပ်တာပေါ့။ ကျွန်မကတော့ ဇွဲမလျှော့ခဲ့ဘူး။ အခုလို ပြန်ကျန်းမာလာတာ ခရီးရှည်ခြေလျင်လျှောက်ခဲ့တဲ့ အကျိုးကျေးဇူးတွေပါ။ အဲဒီအချိန်တွေမှာ ကျွန်မအတွက် စိတ်ချမ်းသာမှု နဲ့ ငြိမ်းအေးမှုတွေ ရတယ်။ ကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့ပတ်သက်ရင် ယုံကြည်မှုပိုမြင့်လာတယ် ”

အသက် ၂၅ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်တဲ့ ဟန်နာဟာ မာရသွန်ပြေးပွဲအတွက် ချိုင်းထောက်နဲ့ဝင်ရောက်အပြေးပြိုင်မှာဖြစ်ပြီး ဒီလိုလေ့ကျင့်ပြင်ဆင်နေရတာကြောင့် သူ့ကိုယ်သူ လူပိုတစ်ယောက်လိုရှင်သန်နေရတယ်မထင်တော့ဘဲ အသုံးဝင်တဲ့ဘဝတစ်ခုလို ခံစားလာရကြောင်းနဲ့ သူ့ဘဝဟာ လူတွေရဲ့အနောက်မှာ ကျန်ရစ်မနေခဲ့ချင်ပါဘူး လို့ ဆိုပါတယ်။

” အဓမ္မသမားရဲ့လက်ထဲမှာ နာရီပေါင်းများစွာ ဒုက္ခဆင်းရဲခံခဲ့ရတာတောင် ကျွန်မဘဝက ဆက်ပြီးရှင်သန်န်ိုင်ခဲ့သေးတာပဲမဟုတ်လား။ မာရသွန်ပြိုင်ပွဲဝင်ပြိုင်ဖို့အတွက် အပင်ပန်းခံရတာလောက်က ကျွန်မအတွက် ထွေထွေထူးထူး မဟုတ်တော့ပါဘူး။ ”

Ref: DailyMail “Teacher, 25, left paralyzed after tumbling 150ft off a cliff in Thailand while trying to escape a sex attacker”

AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top