သင့်ရဲ့စိုးရိမ်ကြောင့်ကြပူပန်မှုတွေကို ပိုပြီးအားကောင်းလာနေစေတဲ့ အလေ့အထများ

44674163_286740855509778_7222386029649461248_n.jpg

သင့်ရဲ့ဦးနှောက်ဟာ သင်နေ့စဉ်လုပ်နေတဲ့ ကိစ္စရပ်တိုင်းကို အမြဲတမ်း အကောင်းမွန်ဆုံးပုံဖော်ပေးနိုင်ဖို့ရာ မလွယ်ကူလှပါဘူး။ တံခါးကိုဆွဲဖွင့်ဖို့ လက်ရဲ့အကူအညီကိုလိုတာ၊ ရေသောက်ဖို့ ပါးစပ်ဟမှရတာမျိုးတွေနဲ့ facebook ကိုမကြာခဏစစ်နေမိတာမျိုးတွေဟာ စွဲမြဲနေတဲ့အလေ့အထတွေဖြစ်တဲ့အတွက် ဘာလုပ်ဖို့ ဘာလိုတယ်ဆိုတာကို လူသားတွေရဲ့ဦးနှောက်က အထူးတလည်သတိပေးနေစရာမလိုတော့ပါဘူး။

ဒီလိုနေ့စဉ်ပြုလုပ်နေတဲ့ အလေ့အထတွေဟာ တစ်နည်းနည်းနဲ့ သင့်ရဲ့စိတ်ကိုလွှမ်းမိုးနေကြတာမို့ သင့်ရဲ့ကျန်းမာရေးကောင်းခြင်း၊ ဆိုးခြင်းတွေနဲ့လည်း တိုက်ရိုက်ဆက်စပ်နေပါတယ်။

၁။ အိပ်ချိန်ပုံမှန်မရှိတာ

အိပ်ချိန်ပုံမှန်မရှိတာဟာ သင့်ရဲ့ရုပ်ပိုင်းဆိုင်ရာကိုရော၊ စိတ်ပိုင်းဆိုင်ရာကိုပါ တိုက်ရိုက်ထိခိုက်စေနိုင်တယ်ဆိုတဲ့အကြောင်းကို သင်သိပြီးသားဖြစ်မှာပါ။ နေ့စဉ်ည (၁၁) လောက်ပုံမှန်အိပ်ပေးသင့်ပြီး တစ်နေ့အိပ်ချိန် (၈-၁၀) ကြားလောက်ရှိဖို့လိုအပ်ပါတယ်။ တစ်ယောက်တည်းနေသူတွေအတွက် ကိစ္စမရှိပေမဲ့ မနက်ခင်း (၆-၇) ကြားလောက်မှာ တခြားသူတွေက ကိုယ့်ထက်စောနိုးနေကြမယ်ဆို သင့်ရဲ့နေ့စဉ်အိပ်ချိန်ကို ထိခိုက်လာစေနိုင်ပြီး ကြာလာတာနဲ့အမျှ စိုးရိမ်ကြောင့်ကြမှုတွေဆီကို ဦးတည်လာစေနိုင်ပါတယ်။ နေရောင်ခြည်ကလည်း သင့်ကိုနှောင့်ယှက်နိုင်တာမို့ တတ်နိုင်မယ်ဆို အသံကာနံရံတွေ၊ မျက်လုံးအကာအကွယ်တွေနဲ့ အိပ်တာအကောင်းဆုံးပါ။

၂။ အတွေးလွန်တာ

တစ်ခုခုဆို အမြဲတွေးနေတယ်။ ထိုင်ရာကနေထဖို့၊ ထရာကနေထိုင်ဖို့ကိုတောင်တွေးနေမိပြီဆို သင်ဒုက္ခတွေ့နေပါပြီ။ ဒီလိုအတွေးတွေလွန်ဖို့ သင့်ရဲ့စိတ်ကို သင်ကိုယ်တိုင်လွှတ်ထားလိုက်တာကြောင့်လည်း ဖြစ်ပါတယ်။ ဒီလိုဖြစ်နေပြီဆို သုံးကနေတစ် (သို့) သရီးကနေဝမ်းကို နောက်ပြန်ပြီး အကြိမ်ကြိမ်ရေတွက်ပေးပါ။ အဲဒါမှအလုပ်မဖြစ်ဘူးဆို ဂဏန်းကြီးကြီးတွေကနေစပြီး ဂဏန်းသေးသေးလေးတွေဆီကို အတတ်နိုင်ဆုံးနောက်ပြန်ရွတ်ပေးပါ။ ရွတ်နေစဉ် ဂဏန်းတွေပေါ်မှာပဲ အာရုံစိုက်ပါ။

၃။ စိတ်ဖိစီးမှုကို ဘယ်လိုထိန်းချုပ်ရမှန်းမသိတာ

စိတ်ဖိစီးမှုကို ဘယ်လိုထိန်းချုပ်ရမလဲမေးရင် နည်း (၂) မျိုးကိုပြောပြချင်ပါတယ်။ နံပါတ် (၁) အနေနဲ့ ဘဝမှာမလိုအပ်တဲ့ စိတ်ဖိစီးမှုတွေကို ဘေးဖယ်ထားပြီး နံပါတ် (၂) အနေနဲ့ ခေါင်းထဲထည့်ထားသင့်တဲ့ စိတ်ဖိစီးမှုတွေကို ဘယ်လိုထိန်းချုပ်နိုင်မလဲ တွေးဖို့ပါပဲ။ တချို့စိတ်ဖိစီးမှုတွေက ရှောင်လွှဲလို့မရတာမို့ ဖြေရှင်းဖို့သာအာရုံစိုက်သင့်ပြီး မလိုအပ်တဲ့အရာတွေကို ခေါင်းထဲကနေထုတ်ထားသင့်ပါတယ်။ ထိန်းချုပ်သင့်တာတွေကို ဘယ်လိုထိန်းချုပ်ရမလဲမေးရင်တော့ ကြုံတွေနေရတဲ့ ပြဿနာကို အကောင်းမြင်ဝါဒနဲ့ ရှေ့ဆက်သင့်ပြီး ယုံကြည်ရပြီး အကြံဉာဏ်ကောင်းတွေပေးနိုင်တဲ့ တစ်ယောက်ယောက်နဲ့ တိုင်ပင်ကာ အလောတကြီးမဟုတ်ဘဲ သွေးအေးအေးနဲ့သာဖြေရှင်းသင့်ပါတယ်။ မလိုအပ်တဲ့ စိတ်ဖိစီးမှုတွေကြားထဲ နစ်မွန်းမနေဘဲ ဖြေရှင်းသင့်တာကို အကောင်းမြင်စိတ်နဲ့ကြည့်ပြီး စိတ်ရှင်းရှင်ထား ကျော်လွှားသင့်ပါတယ်။

၄။ ပြေးပါ

စိုးရိမ်ကြောင့်ကြမှုတွေဆီကနေ ပြေးပါ။ အပေါ်မှာပြောခဲ့သလိုပဲ မကောင်းမှန်းသိရင် ကိုယ်တိုင်အနစ်မွန်းမခံနေပါနဲ့။ ဒါဟာ ကိုယ်ချင်းမစာလို့ပြောတာမဟုတ်ဘဲ အပြောင်းအလဲလေးလုပ်ကြည့်စေချင်တဲ့ သဘောပါ။ ဥပမာအားဖြင့် လူတိုင်းမှာကြောက်စိတ်ကိုယ်စီရှိကြပါတယ်။ လူကိုကြောက်တာ၊ အင်းဆက်တွေကို ကြောက်တာ၊ အမြင့်ကြောက်တာ စသဖြင့် အကြောက်တရားကိုယ်စီရှိကြပါတယ်။ တစ်ခါတရံမှာ ၎င်းအကြောက်တရားတွေဟာ သူတို့ကိုသေစေနိုင်တဲ့အထိ ဦးတည်သွားတတ်ပါတယ်။ သင်သိထားရမှာက အကြောက်တရားကိုရင်ဆိုင်ဖို့ ၎င်းအကြောက်တရားနဲ့ ထိပ်တိုက်တွေ့လိုက်ဖို့လိုတယ်ဆိုတာပါပဲ။ ဒါမှ အဖြေရှင်းရှင်းထွက်ပြီး သင့်ရဲ့စိုးရိမ်ကြောင့်ကြမှုတွေဆီကနေ ရုန်းထွက်နိုင်မှာပါ။

တတ်ကျွမ်းသူတွေနဲ့ တိုင်ပင်ပါ။ ကုသပါ။ ကိစ္စတိုင်းကို တစ်ယောက်တည်း ကျော်လွှားနေစရာမလိုတာမို့ တတ်ကျွမ်းသူတွေနဲ့ ဆွေးနွေးတိုင်ပင်ဖို့ မတွန့်ဆုတ်နေပါနဲ့လို့ အကြံပြုချင်ပါတယ်။

Ref: Pinterest “4 Habits That Make Your Anxiety Worse”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top