စတီဖင်ဟောကင်း(Stephen Hawking) ခန့်မှန်းထားတဲ့ ကမ္ဘာကြီးကို ပျက်စီးသွားစေမယ့် အကြောင်းရင်း (၅)ခု

stephen-hawking-gave-a-priceless-gift-to-filmmakers-of-the-oscar-winning-movie-about-his-life.jpg

ဒီနေ့ခေတ်မှာ လူတွေဖန်တီးထားတဲ့ ဥာဏ်ရည်တုစနစ် ကစလို့ နျူကလီးယား လက်နက်တွေအဆုံး ကမ္ဘာကြီးကို ပျက်စီးသွားစေနိုင်တဲ့ အကြောင်းရင်းတွေက များပြားလွန်းလှပါတယ်။

မကြာသေးခင်ရက်ပိုင်းကမှ ကွယ်လွန်သွားခဲ့တဲ့ ရူပဗေဒအကျော်အမော် ပါမောက္ခ စတီဖင်ဟောကင်း (Stephen Hawking) ကတော့ “ကမ္ဘာကြီး ဘယ်အချိန်မှာ ဘယ်လို အဆုံးသတ်သွားမလဲ” ဆိုတာနဲ့ပတ်သက်ပြီး ဖြစ်နိုင်ချေ အရှိဆုံး အကြောင်းရင်း (၅)မျိုးကို ခန့်မှန်း ဟောကိန်း ထုတ်ထားခဲ့ပါတယ်။ စတီဖင်ဟောကင်းဟာ လက်ရှိကာလအထိ အထူးချွန်ဆုံးနဲ့ အထင်ရှားဆုံး ရူပဗေဒပညာရှင် တစ်ဦးဖြစ်တာကြောင့် သူခန့်မှန်းထားတာတွေဟာ ဖြစ်လာဖို့ အလားအလာ အတော်များတယ် လို့ ဆိုရမှာပါ။ အခု သူ့ရဲ့ ခန့်မှန်းချက် (၅) ခုက ဘာတွေဖြစ်မလဲ ကြည့်ကြရအောင် …

Death by Fireball (လောင်မီးကျခြင်း)

ကမ္ဘာ့လူဦးရေ အလွန်အကျွံ ထူထပ်လာတာနဲ့အမျှ လူသားတွေဟာ ကမ္ဘာက ရသမျှ စွမ်းအင်ရင်းမြစ်တွေကို အများအပြား ထုတ်ယူ သုံးစွဲရမှာဖြစ်တာကြောင့် လာမယ့် နှစ် ၆၀၀ လောက်မှာ ကမ္ဘာရဲ့ အပူချိန် အဆမတန် တိုးလာပြီး လောင်မီးကျသလို ဖြစ်လာပါလိမ့်မယ်” လို့ စတီဖင်ဟောကင်းက ဘေဂျင်းမှာ ပြုလုပ်ခဲ့တဲ့ သိပ္ပံဆိုင်ရာ နှီးနှော ဖလှယ်ပွဲတစ်ခုမှာ ပြောခဲ့ပါတယ်။ ဒီအဖြစ်ဆိုးကနေ လွတ်ချင်ရင် Star Trek တီဗီ ဇာတ်လမ်းတွဲထဲကလို နယ်မြေသစ်(ကမ္ဘာအသစ်) ရှာတဲ့နည်းကို လက်တွေ့ လုပ်ဆောင်သင့်ပြီး အလင်းရဲ့ အမြန်နှုန်းနဲ့ သွားနိုင်မယ့် နည်းပညာကိုလည်း တိုးတက်အောင် ဖန်တီးမှ ရမယ်လို့ သူက ဆိုခဲ့ပါတယ်။

Robots will take over the world (ဉာဏ်ရည်တုနဲ့ စက်ရုပ်တွေက ကမ္ဘာကို အုပ်စိုးလာမယ်)

လူသားတွေနေရာမှာ ဉာဏ်ရည်တုစနစ် အစားထိုး ဝင်ရောက်လာနေတာကို ဟော့ကင်းက စိုးရိမ်ပါတယ်။ wired.co.uk နဲ့ တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ “ဉာဏ်ရည်တုကို ဖွံ့ဖြိုး တိုးတက်လာအောင် လုပ်တာကတော့ လုပ်ရမှာပါပဲ ဒါပေမဲ့ ဒါဟာ တကယ့်ကို အန္တရာယ်များတဲ့ အရာဆိုတာကိုတော့ မေ့နေလို့မရပါဘူး” လို့ သူက ဖြေခဲ့ပါတယ်။ “ဉာဏ်ရည်တုက လူသားရဲ့နေရာကို လုံးလုံးလျားလျား ယူပစ်လိုက်မှာက စိုးရိမ်စရာကောင်းပါတယ်။ သူက လူသားထက် စွမ်းဆောင်ရည် သာလွန်တဲ့ သက်ရှိပုံစံ အသစ်တစ်မျိုးတောင် ဖြစ်လာနိုင်ပါတယ်” လို့လည်း ဟော့ကင်းက ခန့်မှန်းခဲ့ပါတယ်။

Human Aggression and Nuclear Technology (လူသားတွေရဲ့ ရန်လိုတတ်တဲ့စိတ်နဲ့ နျူကလီးယား နည်းပညာ)

သူ့ရဲ့ (၇၅) နှစ်ပြည့် မွေးနေ့ပွဲမှာ BBC ကို ဟောကင်းပြောခဲ့တာ ရှိပါတယ်။ “ဆင့်ကဲ တိုးတက်ဖွံ့ဖြိုးလာမှုက လူသားရဲ့ ဗီဇကို လောဘ ရမ္မက်နဲ့ ရန်လိုမှုတွေ ဝင်သွားစေမှာကို ကျွန်တော် စိုးရိမ်မိပါတယ်” ဆိုတာပါ။ ပဋိပက္ခတွေကလည်း လျော့မသွားဘူး ပိုပြီး အဆင့်မြင့်လာနေတဲ့ စစ်လက်နက်တွေ နည်းပညာတွေ နဲ့ ဖျက်အားပြင်းလက်နက်တွေက လူသားတွေအတွက် တကယ့်ကို ဆိုးဆိုးရွားရွား ပျက်စီးမှုတွေ ဖြစ်စေမှာပါ လို့ ဟောကင်းက ပြောခဲ့ပြီး ကမ္ဘာ့အကြီးအကဲတွေကိုလည်း နည်းပညာတွေက လူသားမျိုးနွယ်ကို မဖျက်ဆီးသေးခင် အချိန်မီ ကယ်တင်နိုင်ဖို့ အာကာသထဲမှာ နယ်မြေသစ်တွေ စတင် ရှာဖွေကြဖို့လည်း သူက တိုက်တွန်းခဲ့ပါသေးတယ်။

The Point of No Return (ရှောင်လွှဲလို့ မရတော့တဲ့ အနေအထား)

မျိုးတုံးမယ့်အခြေအနေကို ရှောင်လွှဲနိုင်ဖို့အတွက် ကျွန်တော်တို့မှာ ရှိနေသမျှ နည်းပညာတွေရဲ့ လုပ်ဆောင်နိုင်စွမ်းကို အပြီးပြည့်စုံဆုံး ဖြစ်လာအောင် ဖန်တီးရမယ်”လို့ ပါမောက္ခ စတီဖင် ဟောကင်းက ဆိုပါတယ်။ အကယ်၍ လာမယ့် နှစ် ၁၀၀လောက်အတွင်းမှာ လူသားတွေ အခြေချနေထိုင်ဖို့ နေရာသစ်တစ်ခု ရှာမတွေ့ဘူး ဆိုရင်တော့ ရာသီဥတုဖောက်ပြန်မှုတွေ၊ လူဦးရေ ထူထပ်လာမှု၊ ကပ်ရောဂါတွေနဲ့ စစ်မက်ဒဏ်တွေကြောင့် လူသားမျိုးနွယ် တစ်ခုလုံး ကျိန်းသေပေါက် ပျောက်ကွယ် အဆုံးသတ်ရလိမ့်မယ် ဆိုတာကိုလည်း သူက သတိပေးခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်ပ် (Donald Trump)

ဒီအချက်ကတော့ ရယ်ချင်စရာကောင်းနေပါတယ်။ ပါမောက္ခ စတီဖင် ဟောကင်းဟာ ထရမ့်ပ်ကို အတော် အမြင်ကပ်ပုံပါပဲ။ ဝေဖန် ပြစ်တင်တာတွေလည်း အတော်လေး လုပ်ခဲ့ပါတယ်။ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ လုပ်ခဲ့တဲ့ ကမ္ဘာကြီး ပူနွေးလာမှုကို ကာကွယ်ဖို့ ရည်ရွယ်ပြီး ရာသီဥတု ဖောက်ပြန်လာမှုကို ထိန်းချုပ် ကိုင်တွယ်ခြင်းဆိုင်ရာ သဘောတူညီမှု စာချုပ်မှာ ထရမ့်ပ်က လက်မှတ်ထိုးဖို့ ငြင်းပယ်ခဲ့တာကို အတိုက်အခံ တုံ့ပြန် ပြောကြားခဲ့ဖူးပါတယ်။

ဒီလုပ်ရပ်ဟာ ကမ္ဘာကြီးကို ချောက်ထဲတွန်းချသလိုပဲ လို့လည်း ထရမ့်ပ်ရဲ့ ဆုံးဖြတ်ချက်အပေါ် သူက သတိပေးခဲ့ပါတယ်။ ဟော့ကင်းက “ရာသီဥတု ဖောက်ပြန်မှု ဆိုတာက ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ အန္တရာယ်တွေ အများကြီးထဲကမှ တစ်ခုပါ။ ဒါက ပြောင်းလဲမယ်ဆိုရင် ပြောင်းလဲပစ်လို့ ရနိုင်တဲ့ ကိစ္စတစ်ခုလည်း ဖြစ်ပါတယ်” လို့ ဆိုပါတယ်။ သဘောတူညီမှု စာချုပ်မှာ ပါဝင် လက်မှတ်ရေးထိုးဖို့ ငြင်းလိုက်တာဟာ သာယာလှပနေတဲ့ ကမ္ဘာဂြိုဟ်၊ သဘာဝပတ်ဝန်းကျင်၊ ကျွန်တော်တို့ရဲ့ မျိုးဆက်တွေနဲ့ ကျွန်တော်တို့ လူသားအားလုံးအတွက် ရှောင်လွှဲလို့ရနိုင်နေတဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်ကို မကြုံ ကြုံရအောင် အားပေးလိုက်တဲ့ သဘောမျိုး သက်ရောက်သွားကြောင်း ဟော့ကင်းက BBC ကို ပြောပြခဲ့ပါတယ်။

(တကယ်ကိုပဲ ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးဟာ ပြန်လှည့်မရတော့တဲ့ နေရာတစ်ခုကို ရောက်နေခဲ့ပါပြီ။ ဒီထက်ပိုဆိုးတဲ့ အခြေအနေကို မရောက်ဖို့အတွက် အသည်းအသန် ကာကွယ်နေကြရတာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အားလုံးရဲ့ အိမ်ဖြစ်တဲ့ ဒီ အပြာရောင်ဂြိုဟ်ကြီးကို ကိုယ်စွမ်းနိုင်သမျှလေးတွေနဲ့ ဝိုင်းဝန်း စောင့်ရှောက်သွားကြဖို့ လိုအပ်နေပါပြီ)

Ref: News Republic

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top