ချိုးဖျက်ဖို့ ခက်ခဲတဲ့ ရော်နယ်ဒိုရဲ့စံချိန် ၄ ခု

Cristiano_Ronaldo_0.jpg

အသက် ၃၃နှစ်အရွယ်လောက်ဆိုရင် ကစားသမားအများစုဟာ အကျပိုင်းရောက်ပြီး အနားယူဖို့ တာစူကြလေ့ရှိပေမယ့် ရော်နယ်ဒိုကတော့ ကလပ်ပြိုင်ပွဲတွေမှာရော၊ နိုင်ငံတကာပြိုင်ပွဲတွေ မှာပါ စံချိန်တွေ ရိုက်ချိုးပြီး စံချိန်သစ်တွေ တင်နေပြီး ထိပ်တန်းအဆင့် ပြိုင်ပွဲမှာ ခြေစွမ်းပြနေတုန်းပါပဲ။

ရော်နယ်ဒိုရဲ့ စံချိန်တွေထဲမှာ ချိုးဖျက်ဖို့ ခက်ခဲတဲ့စံချိန် ၄ ခုကတော့ . . .

ကလပ်အသင်း နှစ်သင်းနဲ့အတူ တစ်ဦးချင်းရော၊ အသင်းလိုက် အောင်မြင်မှု များစွာရယူနိုင်ခဲ့ခြင်း

ရော်နယ်ဒိုဟာ မန်ယူ၊ ရီးရဲလ်အသင်းတွေနဲ့ အတူ ချန်ပီယံလိဂ်၊ ပြည်တွင်းလိဂ်၊ ပြည်တွင်း ရှုံးထွက်ဖလား၊ ကမ္ဘာ့ကလပ် ချန်ပီယံဆု၊ ပြည်တွင်းစူပါဖလား၊ Ballon D’or ဆု၊ ကမ္ဘာ့တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆု၊ ရွှေဖိနပ်ဆု စတဲ့ အောင်မြင်မှုတွေ ဆွတ်ခူးခဲ့ပါတယ်။

ရော်နယ်ဒိုရဲ့ပြိုင်ဘက် မက်ဆီဟာအောင်မြင်မှု အလီလီ ရရှိခဲ့ပေမယ့် ဘာစီလိုနာ တစ်သင်းတည်းမှာပဲ ကစားခဲ့တာပါ။ အသင်းနှစ်သင်းမှာ ကစားပြီး ရော်နယ်ဒိုလောက်နီးနီး အောင်မြင်မှုတွေ ရရှိခဲ့တာဆိုလို့ ဇီဒန်းတစ်ယောက်ပဲ ရှိပါတယ်။ ဇီဒန်းဟာ ဂျူဗင်တပ်၊ ရီးရဲလ်တို့နဲ့အတူ အသင်းလိုက်နဲ့ တစ်ကိုယ်တော် အောင်မြင်မှုတွေ ရခဲ့ပေမယ့် ရော်နယ်ဒိုလောက် မများခဲ့ပါဘူး။ တစ်သင်းတည်း ကစားရင်တောင် ရရှိဖို့ ခက်ခဲတဲ့ ဒီလိုအောင်မြင်မှုတွေကို အသင်း နှစ်သင်းနဲ့အတူ ရယူနိုင်ဖို့ဆိုတာ မလွယ်ရေးချ မလွယ်ပါပဲ။

လာလီဂါမှာ ၂၈၆ ပွဲကစားပြီး ဂိုး ၃၀၀ သွင်းနိုင်ခြင်း

ရီးရဲလ်ကို စတင်ပြောင်းရွှေ့လာတဲ့ ၂၀၀၉ ခုနှစ်က စပြီး ရော်နယ်ဒိုရဲ့ အံ့အားသင့်စရာ ဂိုးသွင်းနှုန်းက ကျဆင်းမသွားခဲ့ပါဘူး။ လာလီဂါ ပွဲစဉ် ၂၈၆ ပွဲ ကစားပြီးချိန်မှာ ဂိုး ၃၀၀ သွင်းယူနိုင်ခဲ့တဲ့ ရော်နယ်ဒိုဟာ လာလီဂါသမိုင်း တစ်လျောက်ဂိုး ၃၀၀ ပြည့်မြောက်ခဲ့တဲ့ အမြန်ဆုံး ကစားသမားပါ။ ရော်နယ်ဒိုဟာ သူ့ရဲ့လာလီဂါ ဂိုး ၁၀၀ ပြည့်နဲ့ ဂိုး ၂၀၀ ပြည့်ကိုလည်း အမြန်ဆုံး သွင်းယူနိုင်ခဲ့သူပါ။

လာလီဂါမှာ တစ်ပွဲပျမ်းမျှ ၁.၀၅ ဂိုး သွင်းထားတဲ့ ရော်နယ်ဒိုရဲ့ စံချိန်ကို ချိုးဖျက်ဖို့အတွက်ဆိုရင်တော့ နောင်လာနောင်သား ဘောလုံးသမားတွေဟာ အကောင်းဆုံး ခြေစွမ်းနဲ့ အကောင်းဆုံး ဂိုးသွင်းစွမ်းရည် ရဖို့လိုပြီး အဲဒီခြေစွမ်းကို ဆယ်စုနှစ် တစ်ခုနီးပါး ထိန်းသိမ်းနိုင်ဖို့ လိုပါတယ်။ လာလီဂါ ၂၈၈ ပွဲ ကစားပြီးချိန်မှာ ၃၀၇ ဂိုးဖြစ်သွားတဲ့ ရော်နယ်ဒိုက ဂိုးသွင်းစွမ်းရည် ကျဆင်းသွားတဲ့ လက္ခဏာ မရှိလို့ သူ့ရဲ့ လာလီဂါ သွင်းဂိုး စံချိန်က အခုထက် ပိုများလာဦးမယ့်သဘောပါပဲ။

ထိပ်တန်းလိဂ် ၅ ခုထဲက အသင်းမှာ ကစားပြီး ၆ ရာသီဆက်တိုက် ဂိုး ၅၀ နဲ့အထက် သွင်းယူနိုင်ခြင်း

လာလီဂါ ဂိုး ၃၀၀ အမြန်ဆုံး သွင်းယူနိုင်ခဲ့တဲ့ ရော်နယ်ဒိုရဲ့ တုနှိုင်းမမီလောက်တဲ့ေ နာက်ထပ် စံချိန်တစ်ခုကတော့ ဥရောပ ထိပ်တန်းလိဂ် ၅ ခုထဲက အသင်းတစ်သင်းမှာ ကစားပြီး ၆ ရာသီဆက်တိုက် ဂိုး ၅၀ နဲ့အထက် သွင်းယူနိုင်ခဲ့တာပါပဲ။ မက်ဆီတောင် ၃ ရာသီဆက်တိုက်ပဲ ဂိုး ၅၀ နဲ့အထက် သွင်းယူနိုင်ခဲ့တာပါ။

ဂိုး ၅၀ နဲ့အထက် သွင်းယူနိုင်ခဲ့တဲ့ ဘောလုံးရာသီတွေ

(၂၀၁၀-၁၁) ၅၄ ပွဲ၊ ၅၃ ဂိုး

(၂၀၁၁-၁၂) ၅၅ ပွဲ၊ ၆၀ ဂိုး

(၂၀၁၂-၁၃) ၅၅ ပွဲ၊ ၅၅ ဂိုး

(၂၀၁၃-၁၄) ၄၇ ပွဲ၊ ၅၁ ဂိုး

(၂၀၁၄-၁၅) ၅၄ ပွဲ၊ ၆၁ ဂိုး

(၂၀၁၅-၁၆) ၄၈ ပွဲ၊ ၅၁ ဂိုး

၇ ရာသီဆက်တိုက် ချန်ပီယံလိဂ်မှာ ၁၀ ဂိုးနဲ့အထက် သွင်းနိုင်ခြင်း

ချန်ပီယံလိဂ်က တောတစ်ခုဆိုရင် ရော်နယ်ဒိုဆိုတဲ့မုဆိုး အမဲလိုက် အကျွမ်းဆုံး နယ်မြေပါပဲ။ ချန်ပီယံလိဂ်မှာ သူ အကောင်းဆုံး ခြေစွမ်းပြနေတယ်ဆိုတာကို မြောက်မြားလှတဲ့ စံချိန်မှတ်တမ်းတွေက သက်သေခံနေပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ (၅ ရာသီဆက်တိုက် ဂိုးသွင်းဘုရင်ဖြစ်ပြီး) ၇ ရာသီဆက်တိုက် ၁၀ ဂိုးနဲ့အထက် သွင်းယူနိုင်ခဲ့တယ်ဆိုတဲ့ မှတ်တမ်းကိုကြည့်ရင် ရော်နယ်ဒိုရဲ့ ချန်ပီယံလိဂ်ခြေစွမ်းကို မြင်ယောင်ကြည့်နိုင်မှာပါ။ (ဥရောပပြိုင်ပွဲ) ချန်ပီယံလိဂ်ပြိုင်ပွဲ ကျင်းပလာတာ နှစ် ၆၀ ကျော်ခဲ့ပေမယ့် ၂ ရာသီဆက်တိုက် ထက်ပိုပြီး ၁၀ ဂိုးနဲ့အထက် သွင်းယူနိုင်တဲ့ ကစားသမား မရှိခဲ့ပါဘူး။ ဒါဟာ ချိုးဖျက်နိုင်ဖို့ အသာထား၊ အမီလိုက်နိုင်ဖို့တောင် မလွယ်တဲ့ စံချိန်တစ်ရပ်ပါပဲ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top