ကမ္ဘာ့ဖလားဆုတံဆိပ်ကို အခေါင်းထဲထည့်ပေးလိုက်တဲ့ ဒီရော့စီ

f-1.jpg

ရိုးမားအသင်းမှာ (၁၈) နှစ်ကြာ ကစားခဲ့တဲ့ ကွင်းလယ်လူ ဒီရော့စီဟာ ရာသီကုန်မှာ ရိုးမားကနေ ထွက်ခွာတော့မှာပါ။ အသက် (၃၅) နှစ်အရွယ်ရှိတဲ့ ဒီရော့စီဟာ ကိုယ်ကျိုးစွန့်မှုနဲ့ သစ္စာစောင့်သိမှုရဲ့ ပြယုဂ်တစ်ခုပါ။ ကျားကုတ်ကျားခဲ ကြိုးစားပြီး အသင်းကို ဦးဆောင်ပေးလေ့ရှိတာက သူ့ရဲ့ အထင်ကရပုံရိပ်ပါပဲ။

၂၀၀၆ ခုနှစ်က ကမ္ဘာ့ဖလား ဆွတ်ခူးခဲ့တဲ့ အီတလီအသင်းမှာ ဒီရော့စီလည်း ပါဝင်ခဲ့ပါတယ်။ ဂျာမနီနိုင်ငံ ဘာလင်မြို့က ဗိုလ်လုပွဲမှာ အီတလီက ပြင်သစ်ကို ပင်နယ်တီနဲ့ အနိုင်ယူပြီး ကမ္ဘာ့ဖလားကို (၄) ကြိမ်မြောက် ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။ ကစားသမားတစ်ယောက်ရဲ့ဘဝမှာ ကမ္ဘာ့ဖလား ဆုတံဆိပ်ဆိုတာ တန်ဖိုးအထားရဆုံး ဆုတံဆိပ်လို့ ဆိုရမှာပါ။ ဒါပေမဲ့ ဒီရော့စီကတော့ ကမ္ဘာ့ဖလား ဆုတံဆိပ်ကို အံ့အားသင့်စရာကောင်းတဲ့ပုံစံမျိုးနဲ့ စွန့်လွှတ်ခဲ့ပါတယ်။

အီတလီအသင်း ကမ္ဘာ့ဖလားရတုန်းက အသင်းသားတွေရဲ့ အသုံးအဆောင်ပစ္စည်းတွေကို စီစဉ်ပေးရတဲ့ မန်နေဂျာ လွန်ဘာဒီ ကွယ်လွန်သွားချိန်မှာ ဒီရော့စီက သူ တန်ဖိုးထားရတဲ့ ကမ္ဘာ့ဖလားဆုတံဆိပ်ကို လွန်ဘာဒီရဲ့ အခေါင်းထဲ ထည့်သွင်းခဲ့ပါတယ်။ လွန်ဘာဒီဟာ ၂၀၁၆ ခုနှစ်က အသက် (၉၂) နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့တာပါ။ လွန်ဘာဒီရဲ့ဈာပနကိုသွားချိန်မှာ ဒီရော့စီက သူ့ရဲ့ ကမ္ဘာ့ဖလားဆုတံဆိပ်ကို ယူဆောင်သွားပြီး လွန်ဘာဒီရဲ့အခေါင်းထဲ ထည့်သွင်းခဲ့တာဖြစ်ပါတယ်။

ဒီရော့စီဟာ ၂၀၁၇ ခုနှစ် နိုဝင်ဘာလကလည်း သူ့ရဲ့ စိတ်ဓာတ်အဆင့်အတန်းကို ပြသခဲ့ပါတယ်။ အီတလီအသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ ရှုံးထွက်အဆင့်မှာ ဆွီဒင်ကို ရှုံးနိမ့်ခဲ့ပါတယ်။ အဲဒီနောက်မှာ ဒီရော့စီက ဆွီဒင်အသင်း ဘတ်စ်ကားရှိရာကိုသွားပြီး ဆွီဒင်ကစားသမားတွေရဲ့ အောင်မြင်မှုကို ဂုဏ်ပြုစကားဆိုခဲ့ပါတယ်။ ဒါ့အပြင် ဆွီဒင်အသင်း နိုင်ငံတော်သီချင်းဆိုနေချိန်မှာ လှောင်ပြောင်အော်ဟစ်ခဲ့တဲ့ အီတလီပရိသတ်တွေရဲ့ လုပ်ရပ်အတွက်လည်း တောင်းပန်ခဲ့ပါတယ်။ ဒီရော့စီရဲ့ လူကြီးလူကောင်းပီသတဲ့လုပ်ရပ်ကို ဆွီဒင်အသင်းသားတွေက တလေးတစား တုံ့ပြန်ခဲ့ကြပါတယ်။

ရောမမြို့မှာ မွေးဖွားခဲ့တဲ့ ဒီရော့စီဟာ ရိုးမားလူငယ်အသင်းကနေ အသင်းကြီးကို ရောက်ရှိလာသူဖြစ်ပြီး ရိုးမားအတွက် (၆၁၅) ပွဲ ကစားပေးခဲ့သူပါ။ သူဟာ တော့တီပြီးရင် ရိုးမားအသင်းအတွက် ပွဲအများဆုံး ကစားပေးထားသူဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာ တော့တီ အနားယူသွားပြီးနောက်ပိုင်း အသင်းခေါင်းဆောင်လက်ပတ်ကို ဆက်ခံခဲ့သူဖြစ်ပါတယ်။ အခုအခါမှာတော့ ဒီရော့စီဟာ သူ သစ္စာစောင့်သိခဲ့တဲ့ ရောမမြို့၊ ရိုးမားအသင်းကို စွန့်ခွာဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ဒါပေမဲ့ ဘောလုံးလောကကနေ အနားယူဦးမှာမဟုတ်ဘဲ အသင်းသစ် တစ်သင်းနဲ့အတူ စိန်ခေါ်မှုသစ်တွေကို လက်ခံသွားမယ်လို့ ဒီရော့စီက ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top