ချဲလ်ဆီးကွင်းလယ်ဖန်တီးရှင် ပေါ်လီဆစ်ကိုခေါ်ဖို့ မန်ယူ အခွင့်အရေး ရခဲ့

30-7-2020-yyl-019.jpg

မန်ယူအသင်းက ပေါ်လီဆစ်ကို ခေါ်ယူဖို့အခွင့်အရေးရခဲ့ပေမဲ့ လက်လွတ်ဆုံးရှုံးခံခဲ့တယ်လို့ မန်ယူကင်းထောက်ဟောင်း ဂျော့အယ်ဗီယယ်က ပြောပါတယ်။ ဒေါ့မွန်လူငယ်အသင်းကနေ ထွက်ပေါ်လာခဲ့တဲ့ အမေရိကန်လက်ရွေးစင် ကွင်းလယ်ဖန်တီးရှင် ပေါ်လီဆစ်ဟာ ဒေါ့မွန်အတွက် ၁၂၇ ပွဲ ကစားရာမှာ ၁၉ ဂိုး သွင်းယူပေးနိုင်ခဲ့သူပါ။ ပြီးခဲ့တဲ့နှစ် အပြောင်းအရွှေ့ကာလမှာ ချဲလ်ဆီးက ပေါ်လီဆစ်ကို ပေါင် ၅၈ သန်းနဲ့ ခေါ်ယူခဲ့ပြီး ပထမဆုံးရာသီမှာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ သူဟာ ချဲလ်ဆီးအတွက် ၃၃ ပွဲ ကစားရာမှာ ၁၀ ဂိုးသွင်း၊ ၁၀ ဂိုး ဖန်တီးပေးနိုင်ခဲ့လို့ ချဲလ်ဆီးကစားသမားဟောင်း အီဒင်ဟာဇက်နဲ့ နှိုင်းယှဉ်ခံခဲ့ရပါတယ်။ မန်ယူအသင်းရဲ့ နိုင်ငံတကာကင်းထောက်အဖြစ် ၂ နှစ်ခွဲကြာ ဆောင်ရွက်ခဲ့ဖူးတဲ့ ချီလီနိုင်ငံသား ဂျော့အေဗီယယ်က ပေါ်လီဆစ်ကို ခေါ်ယူဖို့ မန်ယူအသင်း ဘုတ်အဖွဲ့ကို တိုက်တွန်းခဲ့ပါတယ်။

” မန်ယူအသင်းမှာ ကင်းထောက်ချုပ် ခန့်အပ်ခံရတော့ ပေါ်လီဆစ်ကိုခေါ်ဖို့ ကျွန်တော် အကြံပေးခဲ့တယ်။ သူ့ကိုရော၊ သူ့ရဲ့နောက်ကြောင်းရာဇဝင်ကိုရော ကျွန်တော် ကောင်းကောင်းသိတယ်လေ။ သူက ဒေါ့မွန်မှာ ခြေစွမ်းတိုးတက်နေပြီး စူပါစတားတစ်ယောက် ဖြစ်လာမယ်ဆိုတာ ကျွန်တော် သိပါတယ်။ သူ့ကို ကျွန်တော်ယုံတယ်။ သူ့အဖေနဲ့လည်း ကျွန်တော် အဆက်အသွယ်ရှိတယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက ကျွန်တော်က မြောက်အမေရိကမှာ လှုပ်ရှားနေပြီး သူက ဂျာမနီမှာ ကစားနေတာဆိုတော့ သူ့ကို ခေါ်ယူရေးက ကျွန်တော့်အပိုင်းထဲမှာ မပါဘူး။ အသင်းရဲ့ကင်းထောက်ချုပ်ကို တိုက်ရိုက်ဆက်သွယ်ပြီး ပြောခဲ့ပါသေးတယ်”လို့ ဂျော့အေဗီယယ်က ဆိုပါတယ်။ ပေါ်လီဆစ်အနေနဲ့ လက်ရှိခြေစွမ်းအတိုင်းသာ ဆက်ပြီးတိုးတက်မယ်ဆိုရင် မက်ဆီ၊ ရော်နယ်ဒိုတို့ရဲ့ခြေရာနင်းနိုင်လိမ့်မယ်လို့ သူက ခန့်မှန်းခဲ့ပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top