လူ ၁၆၈ ဦး လိုက်ပါလာတဲ့ တူရကီ Pegasus လေကြောင်းလိုင်းက Boeing 737-800 လေယာဉ်တစ်စီးဟာ ဇန်နဝါရီ ၁၄ ရက်နေ့က လေဆိပ်ကိုဆင်းသက်ချိန်မှာ လေယာဉ်ပြေးလမ်းချော်ခဲ့ပြီး ပင်လယ်နက်ထဲ ကျလုနီးပါးဖြစ်ခဲ့တယ်လို့ ဘီဘီစီ သတင်းတစ်ရပ်မှာဖော်ပြထားပါတယ်။

တူရကီနိုင်ငံ၊ အန်ကာရာမြို့က ထွက်ခွာလာတဲ့ အဲဒီလေယာဉ်ဟာ ပင်လယ်နက်ကမ်းရိုးတန်းမြို့က ထရက်ဇွန်လေဆိပ်ကို ဆင်းသက်ချိန်မှာ ပြေးလမ်းချော်ခဲ့တာဖြစ်ပါတယ်။ လေယာဉ်ပေါ်ပါသူအားလုံးကို ဘေးကင်းစွာနဲ့ကယ်တင်နိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူမရှိခဲ့ဘူးလို့ ထရက်ဇွန်ပြည်နယ်အုပ်ချုပ်ရေးမှုး ယူဆယ်လ်ယာဗက်က ပြောပါတယ်။
လေယာဉ်ပြေးလမ်းချော်တဲ့အဖြစ်အပျက်ကို စုံစမ်းစစ်ဆေးသွားမယ်လို့ တူရကီအာဏာပိုင်တွေကပြောထားပါတယ်။ လေယာဉ်ကိုထိန်းချုပ်မရမှုကြောင့် လေယာဉ်ပေါ်ပါသူတွေဟာ ကြောက်လန့်တကြားဖြစ်ခဲ့ရတယ်လို့ တူရကီ သတင်းဌာန Anadolu ကဖော်ပြခဲ့ပါတယ်။ ဓာတ်ပုံမှတ်တမ်းတွေအရ လေယာဉ်ဦးခေါင်းပိုင်းဟာ ပင်လယ်နက် ရေပြင်နဲ့ထိဖို့ မီတာအနည်းငယ်လောက်ပဲကွာဝေးတဲ့ ရွံ့နွံထဲကိုကျရောက်ခဲ့တယ်လို့ သိရပါတယ်။ လေယာဉ်မှာလိုက်ပါခဲ့တဲ့ခရီးသည်တစ်ဦးဖြစ်သူ ဖက်တာဂေါ်ဒူက လေယာဉ်စီးခရီးသည်တွေဟာ ကြောက်လန့်တကြားနဲ့ အော်ဟစ်ခဲ့ကြတယ်လို့ ပြောပါတယ်။ လေယာဉ်ပြေးလမ်းချော်မှုကြောင့် စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ချိန်မှာ လေဆိပ်ကို နာရီအတန်ကြာ ပိတ်ထားခဲ့ရတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှုး ကပြောပါတယ်။
Ref: BBC News: Turkey plane: Panic as jet skids off runway at Trabzon
ကောင်းထက်ငွေ (ရိုးရာလေး)

