အကောင်းဆုံးဖန်တီးခွင့်က ပစ္စုပ္ပန်မှာ

editorial-001.jpg

ဒီတစ်ပတ် အယ်ဒီတာ့အာဘော်ရေးဖို့ အကြောင်းအရာရှာမရလို့ ဖေ့ဘွတ်ခ်ပေါ်မှာ တွေ့တာမြင်တာလေးတွေဖတ်ကြည့်နေတုန်း သဘောကျမိတဲ့ပို့စ်တစ်ခု တွေ့မိပါတယ်။ ”လမ်းဆုံ”လို့ ခေါင်းစဉ်တပ်ထားတဲ့ ဒီပို့စ်အတွက် ဒေါက်တာဖြိုးသီဟကို Credit ပေးထားတာ တွေ့ရပါတယ်။ လူ့ဘဝဆိုတာ လမ်းဆုံတစ်ခုလို တွေ့ဆုံကြုံကွဲဖြစ်လို့ တွေ့ခိုက်၊ ဆုံခိုက်မှာ ကိုယ့်ဘက်ကတတ်နိုင်သမျှ အကောင်းဆုံးစေတနာထားဖို့ တိုက်တွန်းထားတာ တွေ့ရပါတယ်။ ဒီအကြောင်းအရာလေးကိုဖတ်ရချိန်မှာ စိတ်နှလုံးပျော့ပျောင်းသွားသလို ဆင့်ပွားအတွေးတစ်ခု ရခဲ့ပါတယ်။ ဒါကြောင့်ပဲ ”အကောင်းဆုံးဖန်တီးခွင့်က ပစ္စုပ္ပန်မှာ”ဆိုတဲ့ အယ်ဒီတာ့အာဘော်ကို ရေးဖြစ်ခဲ့တာပါ။

ပစ္စုပ္ပန်မှာနေတယ်ဆိုတာ အပြောလွယ်ပေမဲ့ အမှန်တကယ်ကျင့်သုံးဖို့ မလွယ်ကူပါဘူး။ ကျွန်တော်တို့ရဲ့ စိတ်သဏ္ဍာန်မှာ အတ္တ၊ မာန၊ လောဘ၊ မောဘ၊ ဒေါသဆိုတဲ့ အညစ်အကြေးတွေ ဖုံးလွှမ်းထားတာ များလေလေ၊ ပစ္စုပ္ပန်မှာနေထိုင်ဖို့ ခက်ခဲလေလေပါပဲ။ တစ်ချိန်က ကိုယ့်အပေါ် အပြစ်လုပ်ထားတဲ့သူကို အညိုးအတေးထားပြီး ”ငါ့ခွင်ထဲ ဝင်လာတော့မှ ဆော်ပစ်မယ်၊ နှက်ပစ်မယ်”လို့ တွေးနေရင် ကိုယ်က ပစ္စုပ္ပန်မှာနေထိုင်တဲ့သူ မဟုတ်တော့ပါဘူး။ အတိတ်မှာ နေထိုင်သူ ဖြစ်သွားပါပြီ။

အတိတ်ကာလကမကျေနပ်မှုတွေကို လွှတ်မချနိုင်သေးဘူး၊ မေ့မပစ်နိုင်သေးဘူးဆိုရင် ပစ္စုပ္ပန်မှာ နေထိုင်လို့ မရပါဘူး။ ပုထုဇဉ်လူသားတွေဖြစ်လို့ စိတ်သဏ္ဍာန်မှာ အညစ်အကြေး အနည်းနဲ့အများ ရှိကြပေမဲ့ ခွင့်လွှတ်သည်းခံနိုင်စွမ်း အားကောင်းလေလေ၊ ကိုယ့်အတွက် အကျိုးရှိလေလေပါပဲ။ တစ်ဘက်သားက ကျူးလွန်ခဲ့တဲ့အပြစ်ကို ကိုယ့်စိတ်ထဲမှာ စွဲမြဲမှတ်သားထားတာက ကိုယ့်အတွက် ဆုံးရှုံးမှုကြီးမားလွန်းပါတယ်။

ဒီအကြောင်းကို တွေးနေသမျှကာလပတ်လုံး အတွင်းစိတ်မှာ မကျေနပ်စရာတွေ၊ မုန်းတီးမှုတွေ၊ ဒေါသတွေနဲ့ လောင်မြိုက်နေရပြီး စိတ်မငြိမ်းချမ်းနိုင်ပါဘူး။ အတွင်းစိတ်မငြိမ်းချမ်းဘူး၊ မကြည်လင်ဘူးဆိုရင် ကုသိုလ်ဖြစ်စေတဲ့ ကျေနပ်ပီတိဖြစ်စရာတွေကို ခံစားနိုင်စွမ်းနည်းပါလိမ့်မယ်။ ဒါဟာ သူ့အမှားကနေ ကိုယ့်အမှားဖြစ်သွားတဲ့ အခြေအနေပါ။

အလိုလောဘစိတ် ကြီးလွန်းရင်လည်း ပစ္စုပ္ပန်မှာ နေထိုင်လို့ မရပါဘူး။ ”ဒါနေ့ဖို့၊ ဒါညစာ၊ ဒါ သားအတွက်၊ ဒါ သမီးအတွက်၊ ဒါ ဇနီးအတွက်၊ ဒါ ဘယ်သူ့အတွက်”ဆိုတဲ့ ပူလောင်မှုတွေနဲ့ အနာဂတ်မှာနေထိုင်သူ ဖြစ်နေပါလိမ့်မယ်။ အတိတ်ဆိုတာ လွှတ်ချစရာဖြစ်ပြီး အနာဂတ်ဆိုတာ အချိန်တန်ရင် ရောက်လာမယ့် အခိုက်အတန့်တစ်ခုပါ။ အချိန်မတန်ခင်သွားတာ အပိုပါပဲ။ စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားနေရလို့ အနာဂတ်အတွက် ကြိုစဉ်းစားထားသင့်တယ်ဆိုတာ လက်ခံနိုင်တဲ့ အခြေအနေပါ။ ဒါပေမဲ့ အနာဂတ်အတွက် ကြိုတင်ပူပန်နေတာကတော့ ”အကြွေးမယူဘဲ အတိုးပေးနေရသလိုပါပဲ”။ ကိုယ့်အတွက် မတန်ပါဘူး။

”အလှမ်းကျယ်ရင် အလယ်လပ်တယ်”ဆိုတဲ့ ဆိုရိုးတစ်ခုရှိပါတယ်။ အတိတ်နဲ့ အနာဂတ်ကို လူးလားခေါက်တုံ့ ဖြစ်နေရင်း ကိုယ့်အတွက် တကယ်အဖိုးတန်တဲ့ ပစ္စုပ္ပန်ကို မေ့လျော့နေတာ ကြီးမားတဲ့ဆုံးရှုံးမှုပါပဲ၊ လက်ရှိဖြတ်သန်းနေရတဲ့ အချိန်ကာလကသာ ကိုယ့်အတွက် အကောင်းဆုံး ဖန်တီးပိုင်ခွင့်ရှိတဲ့ အခိုက်အတန့်ပါ။ ပစ္စုပ္ပန်တည့်တည့်မှာနေထိုင်ရင်း အတွင်းစိတ်သဏ္ဍာန်ထဲက အညစ်အကြေးတွေကိုလျှော့ချပြီး ဘဝအတွက် အကောင်းဆုံးဖန်တီးခွင့်ရှိသူတွေ ဖြစ်စေဖို့ ဆုတောင်းပေးရင်း အဆုံးသတ်ပါရစေ။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top