အပြင်မှာ အေးပေမဲ့ ရင်ထဲမှာကား မအေးနိုင်သေး

yyl-019-9.jpg

ဒီနှစ်ဆောင်းကား အေး၏။ ရန်ကုန်မှာ မအေးစဖူး အအေးထူးပြီး ၁၂ ဒီဂရီအထိ ကျဆင်းသွားတော့ အနွေးထည်ကိုယ်စီ ဖြစ်ကုန်ကြတာပေါ့။ အပြင်မှာ အေးပေမဲ့ ပြည်သူတွေ ရင်ထဲမှာတော့ မအေးနိုင်သေး။ ICJ မှာ နိုင်ငံနဲ့ချီပြီး အမှုဖွင့်ခံရလို့ ကြားနာမှုလုပ်တဲ့ သုံးရက်လုံးလုံး ကိုယ်အားသန်ရာ Platform များမှ စောင့်ကြည့်ခဲ့ရသည်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အဖွဲ့က ဂမ်ဘီယာနိုင်ငံရဲ့ စွပ်စွဲချက်တွေကို သမိုင်းအကိုးအကား၊ ဓာတ်ပုံအထောက်အထားတွေနဲ့ ချေဖျက်ပြီး ဂျီနိုဆိုက်မဖြစ်ခဲ့ဘူး၊ အဲဒါကြောင့် ဂမ်ဘီယာနိုင်ငံ အမှုဖွင့်ထားတာကို ပြန်ရုပ်သိမ်းပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က တတိယမြောက်နေ့ အပိတ်လျှောက်လဲချက်မှာ တောင်းဆိုခဲ့ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဟော်လန်နိုင်ငံ သည်ဟိဂျ်မြို့ကိုသွားပြီး တရားရင်ဆိုင်နေချိန်မှာ မြန်မာနိုင်ငံရဲ့ မြို့အသီးသီးမှာ ထောက်ခံအားပေးကြောင်း ပြုလုပ်ခဲ့သလို ဟော်လန်နိုင်ငံအထိ လိုက်ပါဝိုင်းရံသူတွေ ရှိခဲ့ပါတယ်။ ဟော်လန်ကနေ ပြန်လာတဲ့ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူတွေက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပါတယ်။ ICJ အမှုကတော့ တစ်ဖြတ်နားသွားပါပြီ။

ICJ အမှု တစ်ဖြတ်နားချိန်မှာပဲ ပြည်သူတွေကို နောက်ထပ်အပူလှိုင်းက ဝင်ဆောင့်ပြန်ပါတယ်။ ဖေ့ဘွတ်ခ်ဆယ်လီ အောင်ရဲထွေး သေဆုံးမှုအတွက် သံသယရှိသူတွေကို လူသတ်မှုပုဒ်မနဲ့ စွဲချက်တင်ထားရာကနေ အပြင်းအထန် နာကျင်စေမှုနဲ့ ပြောင်းလဲစွဲချက်တင်ခဲ့လို့ပါပဲ။ဖေ့ဘွတ်ခ်ပေါ်က ဟာသဗီဒီယိုတွေကြောင့် နာမည်ကျော်ကြားခဲ့တဲ့ အောင်ရဲထွေးဟာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁ ရက် နံနက်အစောပိုင်းက နှစ်သစ်ကူးပါတီမှာ အုပ်စုဖွဲ့ဝိုင်းဝန်းရိုက်နှက်ခံရလို့ ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပါတယ်။ အဲဒီအမှုကို အရှေ့ပိုင်းခရိုင်တရားရုံးက ၆ လကြာ စစ်ဆေးပြီး ၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၅ ရက်မှာ ရာဇဝတ်မှုကျင့်ထုံး ဥပဒေပုဒ်မ ၄၉၄(က)အရ အမှုရုပ်သိမ်းကြောင်း အမိန့်ချမှတ်ခဲ့ပါတယ်။ ဖမ်းထားတဲ့ သံသယတရားခံ ၃ ယောက်ကို စွဲချက်မတင်ဘဲ ပြန်လွှတ်ပေးလိုက်လို့ သမ္မတဦးဝင်းမြင်ကိုယ်တိုင် ကြားဝင်ခဲ့ရပြီး ဒီအမှု နောက်ကွယ်က အကြောင်းရင်းတွေကို စုံစမ်းစစ်ဆေးဖို့ ညွှန်ကြားခဲ့ရပါတယ်။ အဲဒီနောက်မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရာမှာ ရန်ကုန်တိုင်းဒေသကြီး ဥပဒေအရာရှိချုပ်ဟောင်း ဦးဟန်ထူးအပါအဝင် ဥပဒေအရာရှိ ၄ ယောက်နဲ့ အရာရှိတစ်ယောက်တို့က လာဘ်ယူခဲ့တယ်လို့ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ဒီအမှုကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့က တစ်ကျော့ပြန် ပြန်စစ်ဆေးခဲ့ပါတယ်။ လူသတ်မှုနဲ့စွဲချက်တင်ထားရာကနေ အပြင်းအထန်နာကျင်စေမှုနဲ့ ပြောင်းလဲစွဲချက်တင်ခဲ့တဲ့အပေါ် ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။

လူသေဆုံးခဲ့တဲ့ဖြစ်စဉ်မှာ သံသယရှိသူတွေကို အပြင်းအထန် နာကျင်စေမှုနဲ့ ပြောင်းလဲစွဲချက်တင်ခဲ့တဲ့အတွက် တရားရေးစနစ်ကို ယုံကြည်ဖို့ခက်လာပြီလို့ လူမှုကွန်ရက်ပေါ်မှာ မှတ်ချက်ပေးထားပါတယ်။ အောင်ရဲထွေးအမှုက အချိန် ၂ နှစ်နီးပါး ကြာမြင့်ပြီး ဝေဖန်ခံနေရတဲ့ အခြေအနေမှာ ဗစ်တိုးရီးယားအမှုကလည်း အပြန်အလှန် တရားစွဲဆိုမှုတွေကြား အဖြေမထွက်သေးပါဘူး။ နေပြည်တော်၊ သပြေကုန်းမှာရှိတဲ့ Wisdom Hill မူကြိုကျောင်းက အသက် ၃ နှစ်အရွယ် ကလေးငယ် ဗစ်တိုးရီးယား(အမည်ရင်းမဟုတ်ပါ)ဟာ ၂၀၁၉ ခုနှစ် မေလ ၁၆ ရက်က လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရဖွယ်ရှိလို့ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ပြီး ယာဉ်မောင်းဖြစ်သူကို သံသယတရားခံအဖြစ် ဖမ်းဆီးခဲ့ပေမဲ့ အငြင်းပွားစရာ အခြေအနေတွေ ရှိနေပါတယ်။

တရားစီရင်ရာမှာ မှန်ကန်ဖို့ လိုသလို မြန်ဆန်ဖို့လည်း လိုအပ်ပါတယ်။ အမေရိကန်နိုင်ငံသား လူ့အခွင့်အရေးလှုပ်ရှားသူ မာတင်လူသာကင်းက Letter From Birmingham Jail(ဘာမင်ဂမ်အကျဉ်းထောင်မှ ပေးစာ)ဆိုတဲ့ အိတ်ဖွင့်ပေးစာမှာ Justice too long delayed is justice denied(တရားစီရင်မှု အလွန်နှေးကွေးတာဟာ တရားမျှတမှုကို ငြင်းဆန်တာပဲ)လို့ ရေးသားခဲ့ဖူးပါတယ်။ တရားစီရင်မှု နှေးကွေးကြန့်ကြာခြင်းဟာ တရားရေးစနစ်အပေါ် ပြည်သူတွေ ယုံကြည်ကိုးစားမှု ကျဆင်းစေတဲ့ အကြောင်းအရင်းတစ်ရပ်ပါပဲ။ အိန္ဒိယနိုင်ငံမှာတော့ တရားစစ်ဆေးစီရင်မှု အချိန်ကြာလွန်းလို့ အမှုအခင်းတစ်ခုခု ကြုံရရင်တောင် သက်သေလိုက်ပေးချင်သူ ရှားပါးနေတယ်လို့ မှတ်သားရဖူးပါတယ်။ ရုံးချိန်းတွေ ဆက်တိုက်သွားနေရရင် အလုပ်အကိုင်ပျက်ပြီး စားဝတ်နေရေးပါ ထိခိုက်စေနိုင်ပါတယ်။ သက်သေတွေကလည်း အချိန်ကြာလာတော့ ဖြစ်စဉ်အသေးစိတ်ကို မေ့သွားပြီး ပြီးပြီးရော သဘောထားလိုက်တာမျိုး ရှိနိုင်ပါတယ်။

ဒါကြောင့် တရားစစ်ဆေးစီရင်မှုမှာ မှန်ဖို့လိုသလို၊ မြန်ဖို့လည်း လိုပါတယ်။ ”တိုင်းသိပြည်သိအမှုတွေတောင် အချိန်ကြာမြင့်နေရင် မထင်မရှား အမှုတွေတော့ ပြောမနေနဲ့တော့”ဆိုတဲ့ အယူအဆလည်း ရှိလာနိုင်ပါတယ်။ ဒါကြောင့်လည်း ”မြန်မာလူမျိုးတွေက ရုံးရောက်၊ ဂတ်ရောက်ဖြစ်မှာ အရမ်းကြောက်ကြတယ်”ဆိုတဲ့ လက်သုံးစကားတစ်ခုရှိခဲ့တာပေါ့။ ဒါဟာ အရင်တုန်းက တရားစစ်ဆေးစီရင်တဲ့စနစ် ယိုယွင်းပျက်စီးခဲ့တာကို မီးမောင်းထိုးပြနေပါတယ်။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုတဲ့ ပင်မမဏ္ဍိုင်ကြီး(၃)ရပ် ဟန်ချက်ညီညီ လှုပ်ရှားနိုင်မှ နိုင်ငံတော်ကြီး တိုးတက်သာယာမှာပါ။ အဲဒီအတွက် လိုအပ်ချက်တွေကို အမြန်ဆုံး ဖြည့်ဆည်းဖို့ တိုက်တွန်းရင်းပဲ အဆုံးသတ်ပါရစေ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top