၉ လအတွင်း ကန်ဒေါ်လာ ၃.၈ ဘီလျံ လှူဒါန်းပေးခဲ့တဲ့ မက်ကင်ဇီစကော့

24-2-2022-yyl03.jpg

ပြီးခဲ့တဲ့ ဇွန်လနောက်ပိုင်း အဖွဲ့အစည်း ၄၆၅ ခုအတွက် အမေရိကန်ဒေါ်လာ ၃.၈ ဘီလျံကျော် လှူဒါန်းပေးခဲ့တယ်လို့ မက်ကင်ဇီစကော့က ပြောပါတယ်။ Amazon ကုမ္ပဏီကို တည်ထောင်သူ ဂျက်ဘီဇို့စ်ရဲ့ ဇနီးဟောင်း မက်ကင်ဇီစကော့ဟာ မကြာသေးခင်က Habitat for Humanity အဖွဲ့အတွက် ဒေါ်လာ ၄၃၆ သန်း လှူဒါန်းခဲ့သူပါ။ ဒါဟာ သူ့အတွက် တစ်ကြိမ်တည်းနဲ့ အများဆုံးလှူဒါန်းမှု ဖြစ်ပါတယ်။

သူတို့အဖွဲ့ဟာ ပြီးခဲ့တဲ့ ၉ လအတွင်း ဒေသအသီးသီးမှာ ကိုယ်စားပြုခွင့် ဆုံးရှုံးနေသူတွေကို ကူညီပေးဖို့ အဓိကအာရုံစိုက်ခဲ့တယ်လို့ မက်ကင်ဇီစကော့က Medium ဝက်ဘ်ဆိုက်မှာ ရေးသားခဲ့ပါတယ်။ မက်ကင်ဇီစကော့ဟာ ဘေးဒုက္ခ ကြုံရနိုင်ခြေရှိနေတဲ့ ကလေးငယ်တွေ၊ လူနည်းစုတွေနဲ့ ဒုက္ခသည်တွေကို ကူညီစောင့်ရှောက်ပေးနေတဲ့အဖွဲ့တွေ၊ ဝေးလံခေါင်သီတဲ့ ဒေသမှာ ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေး စွမ်းဆောင်ပေးနေတဲ့ အဖွဲ့တွေ၊ အမေရိကန်နိုင်ငံတစ်ဝန်းက Planned Parenthood အဖွဲ့တွေထံ ငွေကြေးလှူဒါန်းခဲ့ပါတယ်။

Bloomberg ဘီလျံနာအညွှန်းကိန်းအရ အမေရိကန်ဒေါ်လာ ၅၅ ဘီလျံ ကြွယ်ဝတဲ့ မက်ကင်ဇီစကော့ဟာ ပရဟိတလှုပ်ရှားမှုတွေ၊ အံ့အားသင့်ဖွယ် လှူဒါန်းမှုတွေကြောင့် လူသိများသူပါ။ သူဟာ လိုအပ်နေသူတွေအတွက် ပိုင်ဆိုင်မှုတွေ လှူဒါန်းပေးမယ့် Giving Pledge မှာလည်း ပါဝင်လက်မှတ်ရေးထိုးထားသူပါ။ ၂၀၁၀ ပြည့်နှစ်မှာ ဝါရင်းဘက်ဖက်၊ ဘီလ်ဂိတ်၊ မီလင်ဒါဂိတ် စတဲ့ ဘီလျံနာတွေက Giving Pledge ကို စတင်ခဲ့တာဖြစ်ပြီး မက်ကင်ဇီစကော့က ၂၀၁၉ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့တာပါ။ မက်ကင်ဇီစကော့ဟာ သူ့ရဲ့ပိုင်ဆိုင်မှုထဲကနေ အမေရိကန်ဒေါ်လာ ၁၂ ဘီလျံအထိကို ၄ သုတ်ခွဲပြီး လှူဒါန်းထားတယ်လို့ Forbes မဂ္ဂဇင်းက ဖော်ပြပါတယ်။

Ref: CNN “Mackenzie Scott has given $3.8 billion to 465 organizations since June”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top