ပိုလန်ဘူတာမှာ ယူကရိန်းဒုက္ခသည်ကလေးလေးတွေကို ပျော်ရွှင်မှုပေးနေတဲ့ ဒိုင်နိုဆောဝတ်စုံနဲ့ အမျိုးသား

24-2-2022-yyl04.jpg

ယူကရိန်းနိုင်ငံကနေထွက်ပြေးလာတဲ့ ဆာလောင်ပင်ပန်းနွမ်းလျနေတဲ့ ကလေးလေးတွေက ပိုလန်ရထားဘူတာမှာ ဆင်းလိုက်တာနဲ့ သူတို့ကို Lollipop ချိုချဉ်နဲ့ ချောကလက်တွေ ပေးဖို့ အသင့်စောင့်ဆိုင်းနေတဲ့ ဒိုင်နိုဆောကြီးရှိနေပါတယ်။ အဲဒီဒိုင်နိုဆောကြီးကတော့ အသက် ၄၁ နှစ်အရွယ် တိုမက်ဇ် ဂါဇီဝင်စကီ (Tomasz Grywinski) ပါ။ ယူကရိန်းဒုက္ခသည်လေးတွေကို စားစရာတွေ ပေးဝေခဲ့တဲ့အတွက် လူသိများခဲ့ပြီး အခြားသူတွေကိုလည်း အခုလိုဝတ်ဆင်ပြီး လုပ်ဆောင်ဖို့ လှုပ်ဆော်ပေးနေပါတယ်။

“ကလေးလေးတွေ ပြုံးဖို့လိုအပ်တယ်။ သူတို့လေးတွေက ရထားဘူတာမှာ (၂) ရက်လောက် နေပြီး ရထားဘူတာက ကြမ်းပြင်မှာပဲ အိပ်စက်နေရတယ်။ ဒါက ကြေကွဲဝမ်းနည်းစရာကောင်းပါတယ်” လို့ တိုမက်ဇ်က ပြောပါတယ်။ ကလေး (၃) ယောက်အဖေဖြစ်တဲ့ တိုမက်ဇ်က အစားအစာမရှိဘဲ ရက်တော်တော်ကြာ ခရီးနှင်နေခဲ့ရတဲ့ အခြားမိသားစုတွေကို မြင်တွေ့ခဲ့ရပါတယ်။ အဲဒါကြောင့်ပဲ နေစရာလိုအပ်နေခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ရဲ့မိသားစုကို ကူညီပေးနေခဲ့ပါတယ်။

အစက တိုမက်ဇ်က သူ့ရဲ့သူငယ်ချင်း၊ သူ့ရဲ့ကောင်မလေးတွေနဲ့အတူ ဆန်းဝှစ်အခု (၁၀၀) လောက်လုပ်ပြီး ရထားဘူတာမှာ ဒုက္ခသည်တွေကို ဝေပေးခဲ့တာပါ။ ဒါပေမဲ့ အခု (၁၀၀) က မလုံလောက်ပေမဲ့ ဆန်းဝှစ်ကို ပိုလုပ်မယ့်အစား ဒေါ်လာ ၁၀၀ ဖိုးလောက် သကြားလုံးတွေ ဝယ်ယူဖို့ ဆုံးဖြတ်ဖြစ်ခဲ့ပါတယ်။ ရထားဘူတာကို ရောက်ဖို့ ၁ နာရီလောက် အချိန်ယူရပါတယ်။ သူ မြင်တွေ့ခဲ့သမျှ ကလေးတွေကို ပြုံးသွားစေမယ့် နည်းလမ်းတစ်ခုအနေနဲ့ ဒိုင်နိုဆောဝတ်စုံကို ဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။

“တချို့ကလေးတွေက ပြေးလာပြီး သကြားလုံးတွေကို လာယူကြတယ်။ တချို့ကျတော့ ချောကလက်တစ်ခုယူဖို့တောင် ကြောက်ရွံ့ခဲ့ကြပြီး ကျွန်တော့်ကို ကြည့်ပြီး “ဒါကို စားလို့ရမလား” လို့ သူတို့ပြောကြတယ်။ “လာကြပါ။ အများကြီးယူကြ။ Lollipop တွေကို ယူကြ၊ မင်းတို့လိုချင်တဲ့မှန်သမျှယူကြ” လို့ ကျွန်တော်ပြောတယ်။ ဒါက တကယ်ကို ရင်ထဲထိစေတယ်။ အဲဒီမှာ ကျွန်တော်မြင်ခဲ့ရတဲ့အရာတွေကြောင့် ကျွန်တော် ၁၀ မိနစ်လောက် အရမ်းငိုမိခဲ့တယ်။ တော်သေးတာပေါ့။ ကျွန်တော် ဝတ်စုံဝတ်ထားတော့ သူတို့ ကျွန်တော်ငိုနေတာ မမြင်ကြဘူး” လို့ တိုမက်ဇ်က ပြောပါတယ်။

တိုမက်ဇ်ရဲ့ဒိုင်နိုဆောဝတ်စုံဝတ်ပြီး ကလေးတွေကို သကြားလုံးတွေ၊ ချောကလက်တွေ ဝေပေးနေတာကို သူမသိအောင် တစ်စုံတစ်ယောက် မှတ်တမ်းတင်ဗီဒီယိုရိုက်ကူးခဲ့ပါတယ််။ နောက်ပိုင်းကျမှ TikTok မှာ နာမည်ကြီးနေတာကို သိခဲ့ရတာပါ။ အဲဒါကြောင့်ပဲ အလှူခံတဲ့ပေ့ချ်တစ်ခုကို သူနဲ့သူ့သူငယ်ချင်းတို့ ဖန်တီးခဲ့ပါတယ်။ အဲဒီပေ့ချ်မှာ လူတွေက ကလေးတွေက ပိုက်ဆံ၊ သကြားလုံးနဲ့ အခြားကစားစရာရုပ်တွေကို စတင်လှူဒါန်းလာခဲ့ကြပါတယ်။

ရထားဘူတာတော်တော်များများမှာလည်း အခြားသူတွေ ဝတ်စုံတွေဝတ်ပြီးကလေးတွေကို ပြုံးစေခဲ့တာကို မြင်ရတာ ဝမ်းသာမိတယ်လို့ ဆိုပါတယ်။ လူတွေကို ဆက်ပြီး တွန်းအားဖြစ်စေမယ်လို့ တိုမက်ဇ်က မျှော်လင့်နေပါတယ်။ တိုမက်ဇ်က သူ့ကို ဗီဒီယိုရိုက်ခဲ့တဲ့အမျိုးသမီးကို ဒုက္ခသည်တွေကူညီနေတဲ့ စေတနာ့ဝန်ထမ်းတစ်ယောက်ဖြစ်မယ်လို့ ထင်ပြီး ဆက်သွယ်ခဲ့ပါတယ်။ ဒါပေမဲ့ သူသိလိုက်ရတာက ဆာရှာဆိုတဲ့ အမျိုးသမီးဖြစ်ပြီး သူကိုယ်တိုင်ကလည်း ကလေး ၂ ယောက်နဲ့အတူ ယူကရိန်းကနေ ထွက်ပြေးလာခဲ့တဲ့ ဒုက္ခသည်တစ်ယောက်ဆိုတာပါပဲ။

အဲဒီအမျိုးသမီးက နားခိုရာနေရာတစ်နေရာကနေတစ်နေရာ ရွှေ့ပြောင်းနေရတာပါ။ ဒါကြောင့် တိုမက်ဇ်က အဲဒီအမျိုးသမီးမိသားစုကို ကူညီချင်တဲ့အတွက် သူ့ရဲ့အမေကို အိမ်မှာ အခန်းလွတ်ရှိသေးလားလို့တောင် ဖုန်းဆက်မေးမြန်းကာ သူတို့မိသားစုကို အိမ်ကို ခေါ်လာခဲ့ပါတယ်။ အခုဆိုရင် ဆာရှာနဲ့သူ့ကလေးတွေက တိုမက်ဇ်တို့မိသားစုနဲ့ အတူ နေထိုင်နေပါတယ်။

Ref: CBSNews “”The kids need smiles”: Man suits up in dinosaur costume for Ukrainian children at Poland train station”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top