မဒမ်တူးဆော့ သို့မဟုတ် ဖယောင်းရုပ်တု တွေရဲ့ဦးဆောင်သူ

2-6-2020-yyl-036.jpg

မဒမ်တူးဆော့ (Madame Tussauds) ဆိုရင် မဒမ်တူးဆော့ပြတိုက်တွေနဲ့ ပတ်သက်ပြီး အသိများကြမယ်ထင်ပါတယ်။

သူများနဲ့မတူတာကတော့ သူ့ပြတိုက်တွေမှာ လူပုံစံနဲ့ တစ်ထပ်ထဲ တူညီတဲ့ ဖယောင်းရုပ်တုတွေကို အပြင်ကလူရဲ့ အရွယ်အစားအတိုင်း အတိအကျ ထုလုပ်ပြသထားတာပဲဖြစ်ပါတယ်။ နယ်ပယ်အသီးသီးက နာမည်ကျော်ပညာရှင်များရဲ့ ဖယောင်းရုပ်တုများကို ပြသထားပါတယ်။

မဒမ်တူးဆော့ရဲ့ နာမည်အရင်းကတော့ မယ်ရီတူးဆော့ (Marie Tussaud) ဖြစ်ပြီး ၁၇၆၁ခုနှစ်မှာ ပြင်သစ်နိုင်ငံ စထရပ်စ်ဘော့ဂ်ျ (Strasbourg) မှာ မွေးဖွားခဲ့ပါတယ်။ မိခင်ဖြစ်သူက ဖယောင်းရုပ်တုတွေလုပ်တဲ့နေရာမှာ အရမ်းထူးချွန်တဲ့ ဒေါက်တာဖီးလစ်ကာတီယပ်စ် (Philippe Curtius) ဆီမှာ အလုပ်လုပ်ခဲ့ဖူးပါတယ်။ ဖီးလစ်ဟာ မဒမ်တူးဆော့ဖြစ်လာမယ့် မယ်ရီလေးကို သူ့အလုပ်ခွင်ထဲ အမြဲခေါ်ပြီး သင်ပေးခဲ့ပါတယ်။ မယ်ရီဟာ အသက် ၁၆နှစ်အရွယ်မှာ ပထမဆုံးဖယောင်းရုပ်တုကို ထုလုပ်ခဲ့ပါတယ်။ ၁၇နှစ်အရွယ်မှာ ဗာဆိုင်းလ်နန်းတော်မှာ လူဝီ၁၄ဘုရင်ရဲ့ ညီမတော်အတွက် အနုပညာဆရာမ ဖြစ်လာပါတယ်။

ပြင်သစ်တော်လှန်ရေးအတွင်းမှာ မယ်ရီဟာ အကျဉ်းချခံခဲ့ရပေမယ့် အာဏာရှိတဲ့ မိတ်ဆွေတစ်ဦးရဲ့အကူအညီနဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ ၁၇၉၄ခုနှစ် ဒေါက်တာဖီးလစ်သေဆုံးတဲ့အခါ မယ်ရီဟာ သူ့ရဲ့ဖယောင်းရုပ်တု တော်တော်များများကို မယ်ရီရရှိလိုက်ပါတယ်။ ၁၇၉၅ခုနှစ်မှာ ဖရန်ကို့စ်တူးဆော့ (Francois Tussaud) နဲ့လက်ထပ်ခဲ့ပြီး မဒမ်တူးဆော့ဖြစ်လာပါတယ်။ အဲ့ဒီနောက် နှစ်ပေါင်း ၃၀ကျော်အောင် ဥရောပတစ်ခွင်ကို လှည့်လည်လေ့လာခဲ့ပါတယ်။ ပြင်သစ်ပြည်ကို ပြန်ချင်ပေမယ့် စစ်ပွဲတွေကြောင့် ပြန်ခွင့်မရတဲ့သူဟာ ဗြိတိန်နဲ့ အိုင်ယာလန်တစ်ခွင် လှည့်လည်ရင်း ပြပွဲတွေ ပြသခဲ့ပါတယ်။

၁၈၃၁ခုနှစ်ကစပြီး မဒမ်တူးဆော့ဟာ ဘိတ်ကာလမ်း (Baker Street) က ပထမထပ်လေးမှာ ငှားရမ်းနေထိုင်ခဲ့ပါတယ်။ ၁၈၃၆မှာ ဒီနေရာလေးက မဒမ်တူးဆော့ရဲ့ပထမဆုံးအိမ်ဖြစ်လာပါတယ်။ ၁၈၃၅မှာ လန်ဒန်မှာပဲ ပြတိုက်တစ်ခုဖွင့်ခဲ့ပါတယ်။ ဒီပြတိုက်ရဲ့အဓိကဆွဲဆောင်မှုက The Chamber of Horrors လို့ နာမည်ပေးထားတဲ့ ပြင်သစ်တော်လှန်ရေးထဲမှာ သေဆုံးခဲ့သူတွေနဲ့ လူသတ်သမားတွေကို သရုပ်ဖော်ထားတဲ့အခန်းဖြစ်ပါတယ်။ နောက်ပိုင်းမှာ တစ်ခြားကျော်ကြားသူတွေရဲ့ရုပ်တုတွေကိုပါ ထုလုပ်ခဲ့ပါတယ်။

မဒမ်တူးဆော့ကိုယ်တိုင် ထုလုပ်ခဲ့တဲ့ ဖယောင်းရုပ်တုအချို့ကတော့ အခုအချိန်ထိ ရှိနေဆဲပါ။ ပြတိုက်မှာ အရင်က ဖယောင်းရုပ်ထုပေါင်း ၄၀၀ကျော်ရှိခဲ့ပါတယ်။ ၁၉၂၅မှာ ဂျာမန်တွေဗုံးကြဲမှုကြောင့် မီးလောင်ပြိုကွဲမှုတွေဖြစ်ခဲ့ရာမှာ အရင်ရုပ်တု တော်တော်များများ ပျက်စီးခဲ့ရပါတယ်။ အခုပြတိုက်မှာရှိတဲ့ သက်တမ်းအရင့်ဆုံး ဖယောင်းရုပ်တုကတော့ ၁၇၆၅မှာ ဒေါက်တာဖီးလစ်ထုလုပ်ခဲ့တဲ့ မဒမ်ထူဘာရီ (Madame du Barry) ရဲ့ ရုပ်ထုပဲဖြစ်ပါတယ်။ မဒမ်တူးဆော့ဟာ သူ့ရဲ့ပုံတူဖယောင်းရုပ်တုကို ၁၈၄၂ခုနှစ်မှာ ပြုလုပ်ခဲ့ပြီး အခုအခါမှာ လန်ဒန်ပြတိုက်ရဲ့အဝင်ဝမှာ ပြသထားပါတယ်။ မဒမ်ဟာ ၁၈၅ဝခုနှစ် ဧပြီလ ၁၆ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ အခုအခါမှာတော့ မဒမ်တူးဆော့ပြတိုက်တွေကို ကမ္ဘာအနှံ့က မြို့ကြီးတော်တော်များများမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Sophia (ရိုးရာလေး)www.yoyarlay.com

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top