မျိုးသုဉ်းတော့မယ့် ပင်လယ်လိပ်များကို စောင့်ရှောက်ပေးနေတဲ့ ပင်လယ်လိပ်ဆေးရုံ

http-_i2.cdn_.cnn_.com_cnnnext_dam_assets_170825135519-1-sea-turtle-super-169.jpg

တရုတ်နိုင်ငံရဲ့ တောင်ဘက်အစွန်ဆုံးနေရာမှာ တည်ရှိတဲ့ကျွန်းပြည်နယ် ဟိုင်နန်(Hainan)ရဲ့ တောက်ဘက်စွန်းစွန်းရှိ ဆန်ညာမြို့(Sanya) ဒါဒုံဟိုင်း ကမ်းခြေတစ်ခွင် သဲသောင်ပြင်ဟာ နေရောင်အောက်မှာ တစ်လက်လက်နဲ့ တောက်ပနေတယ်။

တစ်လက်လက်တောက်ပနေတဲ့ သဲသောင်ပြင်ပေါ်မှာ နှေးနှေးလေးနဲ့ရွှေ့လျားနေတာက မျိုးသုဉ်းတော့မယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ပင်လယ်လိပ်စိမ်းတစ်ကောင်။ သမုဒ္ဒရာထဲကို သူ့ရဲ့ ဘဝသစ် တစ်ခုစဖို့  ဖြည်းဖြည်းချင်း ရွှေ့လျားနေတယ်။ ဒါပေမဲ့ ဒီပင်လယ်လိပ်စိမ်းက အမည်မရှိတဲ့ လိပ်တစ်ကောင်မဟုတ်ဘူး။ သူ့မှာ စတန်လေ (Stanley) ဆိုတဲ့နာမည်ရှိတယ်။ ဒါဖြင့် ဒီနာမည်ကို သူဘယ်လို့ရလာခဲ့တာလဲ။

ဒီပင်လယ်လိပ်လေးဟာ အချိန်မတိုင်ခင် ဥမှ ပေါက်လာခဲ့တာဖြစ်ပြီး အချိန်မတိုင်မှီ ဥမှ ပေါက်လာခဲ့တဲ့အတွက် စတန်လေဟာ မလှုပ်ရှားနိုင်ခဲ့ပါဘူး။  ဒါပေမဲ့ စတန်လေကိုရှာဖွေတွေ့ရှိခဲ့တဲ့ ငါးဖမ်းသမားတစ်ယောက်ဟာ ဟိုင်နန်ကျွန်းပြည်နယ်မှာ အခြေစိုက်တဲ့ ပင်လယ်လိပ်စိမ်း ထိမ်းသိမ်းစောင့်ရှောက်ရေးအဖွဲ့  ၉၁၁ ကိုပို့ပေးခဲ့တဲ့အတွက် လိပ်ဖမ်းသမားများနဲ့ မတွေ့ဘဲ စတန်လေတစ်ကောင် အခုလိုပင်လယ်ကို သွားနေနိုင်တာ ဖြစ်ပါတယ်။

ပင်လယ်လိပ်စိမ်း ထိမ်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဆေးရုံဟာ စတန်လေလိုပဲ မျိုးသုဉ်းတော့မယ့် တခြားသော ပင်လယ်လိပ်များစွာကို ကုသစောင့်ရှောက်ပေးနေတဲ့အဖွဲ့အစည်း တစ်ခုဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းကို ပင်လယ်လိပ်စိမ်း ထိမ်းသိမ်းစောင့်ရှောက်ရေး အဖွဲ့တည်ထောင်သူ ဖရက်ဒရစ်ယဲ့ (Frederick Yeh) နဲ့ ဟိုင်နန်တက္ကသိုလ်ပါမောက္ခ ရှီဟိုင်တာအို (Shi Haitao) တို့က ပူးတွဲ တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

ပင်လယ်လိပ်စိမ်း ထိမ်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ရဲ့ ဓာတ်ခွဲခန်းတွေကို လုပ်အားပေးများနဲ့ ကမ္ဘာလှည့်ခရီးသွားများဟာ ရှားပါးလှတဲ့ ပင်လယ်လိပ်များကို နီးနီးကပ်ကပ်မြင်ခွင့်ရအောင် လာရောက်ကြလေ့ရှိပါတယ်။ ပင်လယ်လိပ်တွေကို အနီးကပ်မြင်ခွင့်ရတာဟာ ရှားပါးတဲ့ အခွင့်အရေးတစ်ခုဖြစ်ပြီး ဟိုင်နန်ကျွန်းရဲ့ဘယ်ကမ်းခြေမှာမှ ဒီလိပ်တွေကို မမြင်နိုင်တော့ပါဘူး။

ဟိုင်နန်ကျွန်းဟာ နှစ်ပေါင်းများစွာကတည်းက သဘာဝအလှတရားနဲ့ တောရိုင်းတိရစ္ဆာန်များ စုံလင်မှုကြောင့် တရုတ်ဟာဝိုင်အီ လို့အမည်ပေးခြင်းခံထားရတဲ့  ကျွန်းတစ်ကျွန်းဖြစ်ခဲ့ပေမဲ့ တရုတ်နိုင်ငံမှာ လွန်ခဲ့တဲ့နှစ်များအတွင်း ပင်လယ်လိပ်အသားနဲ့ အခွံများ ဝယ်လိုအား မြင့်တက်ခဲ့တဲ့အတွက် ပင်လယ်လိပ်များကို အလွန်အကျွံဖမ်းဆီးခဲ့ကြပါတယ်။ ဒါရဲ့ အကျိုးဆက်ကတော့ လွန်ခဲ့တဲ့အနှစ် ၃၀ အတွင်းမှာ ဘယ်ပင်လယ်လိပ်မှ ဟိုင်နန်ကျွန်းပေါ် ဥတက် မဥတော့တာပါပဲ။

ပင်လယ်လိပ်စိမ်း ထိမ်းသိမ်းစောင့်ရှောက်ရေး အဖွဲ့တည်ထောင်သူတွေဖြစ်ကြတဲ့ ယဲ့ နဲ့ ဟိုင်တာအို တို့ဟာ အများပြည်သူများကို ပင်လယ်လိပ်များ မဖမ်းဆီးကြရေးအတွက် ပညာပေးဖို့နဲ့ ကမ္ဘာလှည့် ခရီးသည်များကို ပင်လယ်လိပ်နဲ့ ပတ်သတ်တဲ့ ဘယ်အရာကိုမဆို မဝယ်ကြဖို့ လှုံ့ဆော်နေကြသူ  နှစ်ယောက်ဖြစ်ပါတယ်။ ဒီလူ နှစ်ယောက်လုံးဟာ ကမ္ဘာတစ်ဝှမ်း အလျင်အမြန် ရှားပါးပျောက်ကွယ်နေတဲ့ ပင်လယ်လိပ်များနဲ့ ကုန်းလိပ်များကို ကာကွယ်ဖို့  စိတ်ကူးရခဲ့သူ တွေဖြစ်ကြပါတယ်။

၁၉၆၀ တစ်ဝိုက်တုန်းက တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဇီကျင် ပြည်နယ် (Xinjiang) မှာ အာရှအလယ်ပိုင်း ကုန်းလိပ်တွေကို ၁ စတုရန်းကီလိုမီတာမှာ  အကောင်ရေ ၁၅၀၀၀ ခန့်တွေ့ခဲ့ရပေမဲ့ ၁၉၈၀ ခန့်ရောက်တဲ့အချိန်မှာ ၆ ကောင်ခန့်သာ ကျန်ရှိပါတော့တယ်။ လိပ်များဟာ ထူးခြားတဲ့ တိရစ္ဆာန်တွေဖြစ်တဲ့အပြင် အခွံကြီးကြီးနဲ့ အလွယ်တကူ ဖမ်းယူနိုင်ပြီး လွတ်မြောက်ရန် ထွက်ပြေးဖို့ ခက်တဲ့အတွက် လိပ်မျိုးစိတ်များဟာ မျိုးသုဉ်းအမြန်ဆုံး မျိုးစိတ်ဖြစ်နေရတာ ဖြစ်ပါတယ်။

ယဲ့ကတော့ ပင်လယ်လိပ်တွေကို ဟိုင်နန်ကျွန်းရှိ ဈေးတွေမှာ အလွယ်တကူ ရောင်းချနေတာကို မြင်တွေ့ကတည်းက ပတ်ဝန်းကျင်တစ်ဝိုက် ပင်လယ်လိပ်များ မျိုးမသုဉ်းရန် လုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့ပြီး လိပ်ဆေးရုံကို ၂၀၀၈ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။ ပင်လယ်လိပ်များ မျိုးမသုဉ်းရန်လုပ်ဆောင်ဖို့ဟာ  သူတို့နှစ်ယောက်တည်းရဲ့ လုပ်ဆောင်ချက်နဲ့ မလုံလောက်တဲ့အတွက် ယဲ့နဲ့ဟိုင်တာအို တို့ဟာ ကမ္ဘာ့လှည့်ခရီးသွားများနဲ့ ဒေသခံများကို အသိပညာပေးဖို့  စတင်လုပ်ဆောင်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာတော့ ယဲ့ဟာ ကမ်းခြေရှိဟိုတယ်တစ်ခုနဲ့ နားလည်မှု စာချုပ်တစ်ခု ချုပ်ဆိုခဲ့ပြီး ကမ္ဘာလှည့်ခရီးသွားများကို ရှားပါးလိပ်များပြသကာ ပင်လယ်လိပ်နဲ့ ပတ်သတ်တဲ့ ပစ္စည်းများမဝယ်ဖို့ ဟောပြောခဲ့ပါတယ်။ အပြန်အလှန်အနေနဲ့ ကမ္ဘာလှည့်ခရီးသွားများဟာ မျိုးသုဉ်းခါနီး ရှားပါးပင်လယ်လိပ်များကို ကြည့်ခွင့်ရပါတယ်။ ယဲ့တို့ရဲ့ ပင်လယ်လိပ်ဆေးရုံကို ရောက်လာကြတဲ့ ရှားပါးလိပ်တွေက တရားမဝင် ဝင်ရောက်လာတဲ့ သဘောင်္များနဲ့ ရဲဖမ်းဆီးမိရာမှ သော်လည်းကောင်းရောက်လာကြတာဖြစ်ပြီး ယဲ့တို့က ပြုစုစောင့်ရှောက်ပြီးရင် ပင်လယ်ထဲကို ပြန်လွှတ်လိုက်လေ့ရှိပါတယ်။

ပါမောက္ခတစ်ယောက်လည်းဖြစ်တဲ့ ဟိုင်တာအို ကတော့ ပင်လယ်လိပ်များ ထိန်းသိမ်း စောင့်ရှောက်ရေးကို သူ့ရဲ့ ကျောင်းသားများကိုပါ ဟောပြောလေ့ရှိပြီး သူရဲ့ကျောင်းသားအချို့ဟာ ပင်လယ်လိပ်ဆေးရုံမှာ လုပ်အားပေးလာရောက်ကြလေ့ရှိပါတယ်။ ပင်လယ်လိပ်များကို တတ်စွမ်းသလောက် ကာကွယ်စောင့်ရှောက်နေကြတဲ့ ယဲ့နဲ့ဟိုင်တာအိုတို့ နှစ်ယောက်ကတော့ သူတို့ နှစ်ယောက်ရဲ့ လုပ်ဆောင်ချက်တွေကို တစ်နေ့မှာအကျိုးခံစားရဖို့  မျှော်လင့်နေကြပြီး ယဲ့ကတော့ “ ခင်ဗျား ဟာဝိုင်အီကမ်းခြေမှာ ပင်လယ်လိပ်တစ်ကောင်ကို တွေ့ရင် သူတို့ ဘယ်လောက်လှလဲဆိုတာကို တွေ့ရမှာပါ။ ဒီလိုမျိုးပင်လယ်လိပ်တွေ ကမ်းခြေပေါ်မှာ လွတ်လွတ်လပ်လပ် ကျက်စားနေကြတာကို တရုတ်ဟာဝိုင်အီဖြစ်တဲ့ ဟိုင်နန်မှာလည်း တစ်နေ့တော့ မြင်လာရမှာပါ ”လို့  ယုံကြည်ချက်အပြည့်နဲ့ ပြောဆိုသွားခဲ့ပါတယ်။

Ref : CNN News : Could turtles return to China’s Hawaii?

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top