အပျော်တမ်းသတ္တုရှာဖွေသူတစ်ဦးက ရာစုနှစ်အတွင်း အံ့အားသင့်စရာအကောင်းဆုံး ရွှေထည်ပစ္စည်းများ တွေ့ရှိ

11.9.23-yyl-7.jpg

ရင်ကြပ်ပျောက်အောင် လေ့ကျင့်ခန်းလုပ်ဖို့ ဆရာဝန်က အကြံပေးခဲ့ပြီးနောက် သတ္တုရှာဖွေရေးကိရိယာ ဝယ်ပြီး အပျော်တမ်း သတ္တုရှာဖွေခဲ့သူတစ်ယောက်ဟာ ရာစုနှစ်အတွင်း အံ့အားသင့်စရာအကောင်းဆုံး ရွှေထည်ပစ္စည်းတွေကို တွေ့ရှိခဲ့ပါတယ်။

အသက် ၅၁ နှစ်ရှိတဲ့ နော်ဝေနိုင်ငံသား အာလန်းဘိုရီဟာ နော်ဝေနိုင်ငံ စတာဗန်ဂျာမြို့ မြောက်ပိုင်းက ရန်နီဆွိုင်းကျွန်းမှာ သတ္တုရှာဖွေခဲ့ရာကနေ နှစ်သက်တမ်း ၁၅၀၀ ကျော်ရှိတဲ့ ရတနာတွေ တွေ့ရှိခဲ့တာပါ။

စစချင်းတော့ အလူမီနီယမ်သတ္တုအကျိုးအပဲ့တွေပဲ တွေ့ခဲ့ပြီး အိမ်ပြန်လုဆဲဆဲအချိန်မှာ ရွှေထည်တွေ တွေ့ခဲ့တာပါ။ သူက ရွှေထည်တွေလို့ မထင်ဘဲ ကလေး ကစားစရာရွှေဒင်္ဂါး ဒါမှမဟုတ် ချောကလက်ဒင်္ဂါးပြားတွေပဲ ဖြစ်မယ်လို့ ထင်နေခဲ့တာပါ။ ဒါပေမဲ့ သူ တွေ့ရှိခဲ့တဲ့ ရွှေဆွဲပြား ၉ ပြား၊ ရွှေလက်စွပ် ၃ ကွင်းနဲ့ ရွှေပုလဲလုံး ၁၀ လုံးဟာ ရွှေအစစ်တွေ ဖြစ်နေပြီး အေဒီ ၅၀၀ က လက်ရာတွေ ဖြစ်မယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ခန့်မှန်းထားပါတယ်။

ဘိုရီ တွေ့ရှိခဲ့တဲ့ ရွှေထည်တွေဟာ ၃.၅ အောင်စပဲ ရှိပေမဲ့ သမိုင်းအရ အလွန်အရေးပါတဲ့ တွေ့ရှိမှုဖြစ်လို့ ပညာရှင်တွေက ရာစုနှစ်ရဲ့ အံ့အားသင့်စရာ အကောင်းဆုံး တွေ့ရှိမှုအဖြစ် တင်စားထားပါတယ်။ နော်ဝေနိုင်ငံရဲ့ ဥပဒေအရ ဘိုရီဟာ သူ တွေ့ရှိခဲ့တဲ့ ရွှေထည်တွေအတွက် အနိမ့်ဆုံးရွှေဈေးအတိုင်း ရရှိမယ့်အပြင် ၁၀ ရာခိုင်နှုန်း ထပ်ရမှာပါ။ ထပ်ဆောင်း ၁၀ ရာခိုင်နှုန်းကိုတော့ ဘိုရီနဲ့ မြေပိုင်ရှင်တို့ ခွဲဝေယူကြရမှာ ဖြစ်ပါတယ်။

ဘိုရီ တွေ့ရှိခဲ့တဲ့ ရွှေထည်တွေကို စတာဗန်ဂျာမြို့ ရှေးဟောင်းပြတိုက်မှာ ခင်းကျင်းပြသဖို့ စီစဉ်နေပါတယ်။

Ref: Man buys a metal detector for fun and makes the ‘gold find of the century’ in Norway

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top