ရွှေတွေ တွေ့တယ်ဆိုတဲ့ အိပ်မက်ကြောင့် မီးဖိုချောင်အောက်မှာ တွင်းနက်ကြီး တူးခဲ့တဲ့ အမျိုးသား တွင်းအောက်ပြုတ်ကျလို့ သေဆုံး

17.1.24-yyl-28.jpg

သူ့အိမ်အောက်ထဲကနေ ရွှေတွေ တွေ့တယ်ဆိုပြီး အိပ်မက်မက်လို့ မီးဖိုချောင်ထဲမှာ တွင်းတစ်တွင်း တူးခဲ့တဲ့ ဘရာဇီးအမျိုးသားဟာ တွင်းထဲ ပြုတ်ကျပြီး သေဆုံးသွားခဲ့ပါတယ်။ ယာအိုပီမန်တာဒါဆေးလ်ဗားလို့ အမည်ရတဲ့ အသက် ၇၁ နှစ်အရွယ် အမျိုးသားဟာ မိုင်နက်စ်ဂျရိုက်ပြည်နယ်၊ အီပါတင်ဂါမြို့မှာ နေထိုင်သူပါ။

သူဟာ အိမ်အောက်ကနေ ရွှေတွေ တွေ့တယ်ဆိုတဲ့ အိပ်မက် မက်ခဲ့ပြီး သူ့အိမ်နီးချင်းကို အိပ်မက်အကြောင်း ပြောပြခဲ့ပါတယ်။ အိမ်နီးချင်းက သူ့အိပ်မက်ကို ဟာသလုပ်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ မီးဖိုချောင်မှာ တွင်းတူးတာကို ကူညီပေးခဲ့ပါတယ်။ သူတို့ဟာ မီတာ ၄၀ နက်တဲ့ တွင်းတစ်တွင်း တူးခဲ့ကြပြီး တွင်းထဲကနေ ရွှံ့တွေ၊ ရေတွေကို ခပ်ထုတ်ခဲ့ကြပါတယ်။

ဒါဆေးလ်ဗားက တွင်းအောက်ကို ကြိုးတပ်ကိရိယာနဲ့ဆင်းနေတုန်း တွင်းထဲပြုတ်ကျပြီး သေဆုံးသွားခဲ့တာပါ။ ” သူ့ကို ကျွန်တော် ဆွဲထားဖို့ ကြိုးစားခဲ့ပါသေးတယ်။ အကူအညီ အော်တောင်းလို့လည်း မရဘူး။ တကယ်လို့ ကျွန်တော်သာ သူ့ကို ဆွဲထားရင် သူ့ဝိတ်ကြောင့် ကျွန်တော်လည်း တွင်းအောက် ပြုတ်ကျသွားမှာပါ။ သူ တွင်းအောက်ပြုတ်ကျသွားတဲ့အသံ ကြားရတယ်”လို့ ဒါဆေးလ်ဗားရဲ့ အိမ်နီးချင်း ကော်စတာက ဆိုပါတယ်။

ကော်စတာရဲ့ ဖုန်းဆက်အကြောင်းကြားမှုကြောင့် မီးသတ်သမားတွေ ရောက်လာချိန်မှာတော့ ဒါဆေးလ်ဗားက တွင်းအောက်မှာ သေဆုံးနေပါပြီ။ သူဟာ ခြေထောက်နှစ်ဖက်လုံး ကျိုးပြီး တင်ပါးရိုးကျိုး၊ ဝမ်းဗိုက်ပေါက်ပြဲဒဏ်ရာတွေ ရနေတာ တွေ့ရပါတယ်။ မီးသတ်သမားတွေဟာ အဘိုးအိုနှစ်ယောက် တူးထားတဲ့တွင်းကိုကြည့်ပြီး အံ့အားသင့်ခဲ့ကြပါတယ်။ သူတို့တူးထားတဲ့တွင်းဟာ ၁၃ ထပ်တိုက်နဲ့ ညီမျှတဲ့ အနက်လောက် ရှိတယ်လို့ ဆိုပါတယ်။

Ref:Man Digs 40-Meter-Deep Hole in His Kitchen After Dreaming He Would Strike Gold

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top