မူးယစ်ဆေးသုံးပြီး ဗုဒ္ဓဆင်းတုတော်ကို ဖျက်စီးဖို့ ကြိုးစားခဲ့သူ ရင်ဘတ်ကို ရုပ်တုစိုက်ဝင်ပြီး သေဆုံး

18.3.24-yyl-13.jpg

ထိုင်းနိုင်ငံ ချုံဘူရီပြည်နယ်မှာ ဘုရားကျောင်းအတွင်း မူးယစ်သောင်းကျန်းခဲ့ပြီး ဘုရားဆင်းတုတော်တွေကို ဖျက်စီးဖို့ ကြိုးစားခဲ့တဲ့ အမျိုးသားတစ်ယောက်ဟာ ရင်ဘတ်ကို ဗုဒ္ဓရုပ်တုစိုက်ပြီး သေဆုံးသွားခဲ့ပါတယ်။

အက်လို့ အမည်ရတဲ့ အသက် ၄၉ နှစ်အရွယ် အမျိုးသားဟာ ဖေဖော်ဝါရီလ ၂၇ ရက်က ဘုရားကျောင်းထဲမှာ သူ့သူငယ်ချင်း ဘုန်းကြီးတစ်ပါး(ဘတ်စ်လို့ အမည်ရ)နဲ့အတူ မီသမ်ဖက်တမင်း မူးယစ်ဆေးဝါးအတူ သုံးစွဲခဲ့ကြတယ်လို့ Thaiger သတင်းဌာနက ဖော်ပြပါတယ်။

အဲဒီနောက်မှာတော့ အက်က ရောင်စုံဖန်ပြောင်းနဲ့ လိုက်ရိုက်လို့ ဘုန်းကြီးဖြစ်သူ ဘတ်စ် ထွက်ပြေးခဲ့ရပါတယ်။ အက်ကတော့ ဘုရားကျောင်းထဲမှာရှိတဲ့ ရုပ်တုတွေကို ရိုက်ချိုးဖျက်စီးခဲ့ပြီး ပင်မဝတ်ပြုဆောင်ထဲကို ပြေးဝင်သွားခဲ့ပါတယ်။

ဘုရားကျောင်းထဲကို ရဲတွေ ရောက်လာချိန်မှာ အက်က တံခါးအားလုံးနဲ့ ပြတင်းပေါက်တွေကို ပိတ်ထားခဲ့ပြီး အထဲမှာ ခိုလှုံနေခဲ့ပါတယ်။ သူ့မှာ လက်နက်ရှိနေမယ်ထင်လို့ ရဲတွေကလည်း အထဲကို မဝင်ဘဲ အပြင်မှာ စောင့်ဆိုင်းရင်း လက်နက်ချဖို့ သူ့ကို ဖျောင်းဖျခဲ့ကြတာပါ။ ဒါပေမဲ့ အချိန်အတော်ကြာတဲ့အထိ အက်ထံကနေ တုံ့ပြန်မှုမရတဲ့အတွက် တံခါးကို ချိုးဖျက်ပြီး အထဲ ဝင်သွားချိန်မှာတော့ ရင်ဘတ်မှာ ဗုဒ္ဓရုပ်တုတော် စိုက်ဝင်ပြီး လဲကျသေဆုံးနေတဲ့ အက်ကို တွေ့ရှိခဲ့တာပါ။

စုံစမ်းစစ်ဆေးမှုတွေအရ အက်ဟာ ပင်မဝတ်ပြုဆောင်ထဲမှ ရုပ်ပွားတော်ကြီးပေါ် တက်ကာ ရိုက်ချိုးဖျက်စီးဖို့ ကြိုးစားနေရင်းကနေ ခြေချော်ပြုတ်ကျခဲ့ပြီး အောက်ဘက်မှာရှိတဲ့ ချွန်ထက်တဲ့ ရုပ်တုတော်က သူ့ရင်ဘတ်ကို စိုက်ဝင်သွားခဲ့တာလို့ ဖော်ပြပါတယ်။ ရုပ်တုတော်က သူ့ရဲ့နှလုံးနဲ့ အဆုတ်ကို ဖောက်ဝင်သွားခဲ့လို့ ပွဲချင်းပြီး သေဆုံးသွားခဲ့တာပါ။

ဒီဖြစ်ရပ်မတိုင်ခင် ရက်အနည်းငယ်ကတည်းက အက်နဲ့ ဘုန်းကြီးဘတ်စ်တို့ ဒီဘုရားကျောင်းမှာ နေခဲ့ကြတာလို့ ဒေသခံတွေက ဆိုပါတယ်။ ဘုန်းကြီး ဘတ်စ်ကလည်း အက်နဲ့အတူ မူးယစ်ဆေးဝါး သုံးစွဲခဲ့တယ်လို့ ဝန်ခံခဲ့ပြီး သူ့ရဲ့အမှားအတွက် သိက္ခာချကာ လူဝတ်လဲခဲ့ရပါတယ်။

Ref:Man in Thailand goes on rampage in temple, dies after being impaled by Buddha statue

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top