လေဆိပ်မှာ အများပြည်သူကို ကြေညာတဲ့စနစ်ကတဆင့် ချစ်သူကောင်မလေးကို လက်ထပ်ခွင့်တောင်းခဲ့တဲ့ အမျိုးသား

5.9.23-yyl-1.jpg

ရာရှရက်ဂျ် ချာဘရာ ဆိုသူအမျိုးသားတစ်ဦးဟာ ဘောလိဝုဒ်ဇာတ်ကားထဲကအတိုင်း ချစ်သူကောင်မလေးကို နယူးဇီလန်က အော့ကလန်လေဆိပ်မှာ လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ အခုလိုလက်ထပ်ခွင့်တောင်းတဲ့ဗီဒီယိုက လူမှုကွန်ယက်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။ လူထောင်ပေါင်းများစွာရှေ့မှာ ဒူးထောက်ပြီး သူ့ချစ်သူကောင်မလေး ရီရာ ရှုကလာကို ဩဂုတ်လ ၁၈ ရက်နေ့က လက်ထပ်ခွင့်တောင်းခဲ့တာပါ။ သူ့ရဲ့အချစ်တွေကို ခရီးသည်ကြေညာစနစ်/အများပြည်သူကြေညာစနစ် (PA System) ကတဆင့် ဖွင့်ဟခဲ့ပြီး သူ့ကို လက်ထပ်ပေးဖို့ တောင်းဆိုခဲ့တာပါ။

အော့ကလန်မြို့က ဘဏ်လုပ်ငန်းကျွမ်းကျင်သူဖြစ်တဲ့ ချာဘရာက သူ့ကောင်မလေးကို ဘယ်တော့မှ မမေ့နိုင်တဲ့အရာတွေ လုပ်ပေးချင်ခဲ့တာပါတဲ့။ သူ့ကောင်မလေးက မဲလ်ဘုန်းမြို့ကနေ လေယာဉ်လက်မှတ်ကြိုတင်မှာယူတဲ့အချိန်မှာ ဒီအစီအစဉ်ကို ဆွဲခဲ့တာပါ။ လေဆိပ်က ဒီအစီအစဉ်ကို ခွင့်ပြုပေးမလားမသေချာခဲ့ဘူး။ ဒါပေမဲ့ လေဆိပ်က သူ့ရဲ့စိတ်ကူးထဲက လက်ထပ်ခွင့်တောင်းတာကို အကောင်အထည်ဖော်စေဖို့ သဘောတူပေးခဲ့ပါတယ်။

အော့ကလန်လေဆိပ်က ဆက်သွယ်ရေးမန်နေဂျာနဲ့ ဆက်သွယ်ပြီး လက်ထပ်ခွင့်တောင်းဖို့ စီစဉ်ခဲ့ကြပါတယ်။ လက်ထပ်ခွင့်တောင်းတာကို လေဆိပ်အမှုထမ်းတွေက ရိုက်ကူးခဲ့ပြီး လေဆိပ်ရဲ့ လူမှုကွန်ယက်အကောင့်မှာ တင်ခဲ့ပါတယ်။ ချာဘရာက အဲဒီနေ့အတွက် တစ်လ အချိန်ယူပြင်ဆင်ခဲ့ရတာပါ။

ချာဘရာရဲ့ကောင်မလေးရီရာ ရှုကလာက အဲဒီနေ့မှာ ယာဉ်ကြောပိတ်တာနဲ့ကြုံပြီးလေယာဉ်ခရီးစဉ်ရက်ကို ပြန်ပြောင်းရတော့မလိုတောင်ဖြစ်ခဲ့ရပါတယ်။ မဲလ်ဘုန်းမြို့ကနေ အော့ကလန်မြို့ရောက်တဲ့အချိန်မှာ သူ့ရဲ့ခရီးဆောင်အိတ်မတွေ့တဲ့အတွက် ဝန်ဆောင်မှုကောင်တာကို သွားပြီး ပြောဖို့ လုပ်ခဲ့ပေမဲ့ သူ့ရဲ့မိသားစုတွေက အိတ်ကို မေ့ထားလိုက် သူတို့ကို တွေ့ဖို့ ထွက်လာခဲ့လို့ ပြောနေခဲ့တာပါ။

သူ့မိသားစုဆီ သွားတဲ့အချိန်မှာ ချာဘရာက သူ့ရှေ့မှာ ဒူးထောက်နေတာကို မြင်လိုက်ရပါတယ်။ မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေကလည်း “Will you marry me?” ဆိုတဲ့ စာသားပါတဲ့ ဆိုင်းဘုတ်တွေကိုလည်း ကိုင်ထားကြသလို PA System ကနေလည်း ကြိုတင်အသံသွင်းထားတဲ့ လက်ထပ်ခွင့်တောင်းဆိုမှုကို ဖွင့်ထားပါတယ်။ အဲဒီအသံကလည်း ရိုမန့်တစ်ဆန်တဲ့အတွက် ရီရာလည်း တအံ့တဩဖြစ်သွားခဲ့ရတာပါ။ နောက်တော့ သူတို့နှစ်ဦးလုံးကို မိသားစုတွေနဲ့သူငယ်ချင်းတွေက ပွေ့ဖက်ခဲ့ကြပါတယ်။ သူတို့စုံတွဲက အိန္ဒိယမှာ လက်ထပ်ဖို့ စီစဉ်ထားပါတယ်။

Ref: Man Proposes To Girlfriend At Auckland Airport Over Public Address System

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top