ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် ပေါင် (၅၀) ကျသွားရတဲ့ အမျိုးသားရဲ့အဖြစ်

22-5-2020-yyl-030-1.jpg

တစ်နေ့တစ်နေ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အသစ်တိုးလား၊ သေဆုံးသူဦးရေနဲ့ ပြန်လည်ကောင်းမွန်လာသူဦးရေဘယ်လောက်ရှိပြီလဲဆိုတာပဲ ကြည့်နေမိကြပါတယ်။ သံသယရှိလူနာတွေကိုလည်း Quarantine ထားတဲ့အပြင် ဆေးရုံမှာရှိတဲ့ ကူးစက်ခံရတဲ့လူနာတွေကိုလည်း ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက အနီးကပ်စောင့်ကြည့်ကုသပေးနေကြတာပါ။ အခုဆိုရင် လူတော်တော်များများလည်း ရောဂါကူးစက်ခံရမှုကနေ ပြန်လည်ကောင်းမွန်လာပါပြီ။ အဲဒီလူနာတွေထဲမှာ ဆန်ဖရန်စ္စကိုက အသက် (၄၃) နှစ်အရွယ် အမျိုးသားသူနာပြု မိုက်ခ် စကက်ဇ်လည်း ပါဝင်ပါတယ်။ ဒါပေမဲ့ မိုက်ခ်ဟာ ကိုရိုနာဗိုင်းရပ်စ်ကို (၆) ပတ်တာ တွန်းလှန်းပြီးတဲ့နောက်မှာ သူ့ရဲ့ခန္ဓာကိုယ်ဘယ်လောက်ပြောင်းလဲသွားလဲဆိုတာကို သူ့ရဲ့လူမှုကွန်ယက်အကောင့်မှာ မျှဝေခဲ့ပါတယ်။ သူတင်ခဲ့တဲ့ပုံတွေက ကျန်းမာသန်စွမ်းတဲ့အမျိုးသားနဲ့ နေမကောင်းဖြစ်သွားတဲ့အမျိုးသားကြားက ကွာခြားမှုကို ပြသနေပါတယ်။

မိုက်ခ်က ကိုရိုနာဗိုင်းရပ်စ်ကို (၆) ပတ်တာ တွန်းလှန်ကျော်လွှားပြီးတဲ့နောက်မှာ သူ့ခန္ဓာကိုယ်က ပေါင် (၅၀) ကျသွားခဲ့ပြီး သိသိသာသာပြောင်းလဲသွားခဲ့ပါတယ်။ မိုက်ခ်က သူ့ကောင်လေးကိုမတွေ့ရခင် ရက်အနည်းငယ်မှာ ဘော်စတွန်ကို ခရီးထွက်ရင်း မတ်လ ၁၆ ရက်နေ့မှာ ဆေးရုံတက်ခဲ့ရတာပါ။ သူနဲ့သူ့ကောင်လေးက အဲဒီလအစောပိုင်းမှာ မီယာမီကမ်းခြေက Winter Party Festival ကိုသွားရောက်ပြီးတဲ့နောက်မှာ နေမကောင်းသလိုဖြစ်လာတယ်လို့ မိုက်ခ်က ဆိုပါတယ်။ အဲဒီပွဲကပဲ ရောဂါကြောင့် သေဆုံးခဲ့တဲ့ လူ(၃) ဦးအပါအဝင်လူ (၃၈) ဦး နေထိုင်မကောင်းဖြစ်ခဲ့ပါတယ်။ သူ့ရဲ့အပူချိန်က (၁၀၃) ဒီဂရီဖာရင်ဟိုက်ထိရှိခဲ့ပြီး အသက်ရှုရခက်ခဲတာ၊ အဆုတ်မှာလည်း ရေဝိုင်းတာတွေ ခံစားခဲ့ရပါတယ်။

မိုက်ခ်ဟာ ဆေးရုံမတက်ခင်က ပေါင် (၁၉၀ ရှိခဲ့ပြီး တစ်ပတ်ကို (၆) ကြိမ် (၇) ကြိမ်လောက် Work out လုပ်ခဲ့တာပါ။ သူက ရောဂါကူးစက်ခံရပြီးတဲ့နောက်မှာ ကိုယ်အလေးချိန်တော်တော်ကျသွားခဲ့ပါတယ်။ အစာကို ပြန်စားနိုင်သွားတဲ့အပတ်မှာတောင် သူ့ကိုယ်အလေးချိန်က ပေါင် (၁၄၀) ပဲရှိပါတော့တယ်။ ဒါကြောင့် သူက ဆေးကုသခံယူနေစဉ်အတွင်းမှာ သူ့ကိုယ်အလေးချိန် ဘယ်လောက်ပြောင်းလဲသွားလဲဆိုတာကို အခြားသူတွေကို ပြချင်တဲ့အတွက် အင်စတာဂရမ်မှာ ပုံတွေကို မျှဝေခဲ့တာဖြစ်ပါတယ်။ “အသက်ရှုစက်နဲ့ (၆) ပတ်တာ နေခဲ့ရတာက ဘယ်လောက်ဆိုးလဲဆိုတာကို လူတိုင်းကို ကျွန်တော်ပြချင်ခဲ့တယ်။ COVID-19 က အဆုတ်ရောင်ရောဂါနဲ့အတူ ကျွန်တော့်ရဲ့အဆုတ်လုပ်ဆောင်နိုင်စွမ်းကို လျော့ချခဲ့ပါတယ်။ ကျွန်တော့်မိသားစု၊သူငယ်ချင်းတွေနဲ့ (၈) ပတ်ကျော်ကျော် ခွဲနေရပါတယ်။ ကျွန်တော့်ရဲ့အဆုတ်လုပ်ဆောင်နိုင်စွမ်းတိုးလာဖို့အတွက် နေ့တိုင်းကြံ့ခိုင်သန်မာအောင် နေနေပါတယ်။ ဒီတစ်ခေါက်တော့ ကျွန်တော်ကျန်းမာသန်စွမ်းစေမယ့်နေရာတွေကို ပြန်သွားမှာပါ” လို့ ပြောပါတယ်။

မိုက်ခ်က (၄) ပတ်ခွဲလောက် အသက်ရှုစက်ကို တပ်ခဲ့ရတာကြောင့်အရမ်းအားနည်းလာပြီး ဖုန်းကိုတောင် မကိုင်နိုင်တော့ပါဘူး။ “ကျွန်တော်အရမ်းအားနည်းခဲ့ပါတယ်။ ဒါက စိတ်ပျက်စရာအကောင်းဆုံးအရာတွေထဲက တစ်ခုပါပဲ။ ကျွန်တော့်ရဲ့ဖုန်းကိုမကိုင်နိုင်ဘူး။ အဲဒါက အရမ်းလေးတယ်။ ကျွန်တော့်လက်တွေ အရမ်းတုန်နေတဲ့အတွက် စာတောင်မရိုက်နိုင်ဘူး။ အချိန်တွေလည်းပျောက်နေတဲ့အတွက် ဆေးရုံမှာ ဘယ်လောက်ထိနေရမလဲမသိခဲ့ဘူး။ တစ်ပတ်လောက်သာ ရှိသေးတယ်လို့ ကျွန်တော်ထင်ခဲ့တယ်”လို့ မိုက်ခ်က ပြောပါတယ်။ အခုတော့ မိုက်ခ်က ကျန်းမာရေးကောင်းမွန်လာလို့ ဆေးရုံက ဆင်းပါပြီ။ “ဆေးရုံမှာ (၅၇) ရက်နေပြီးတဲ့နောက်မှာ ကျွန်တော် အိမ်ပြန်ရတော့မယ်။ ကျွန်တော် ပြန်လည်ကောင်းမွန်လာအောင် ဆက်လက်လုပ်ဆောင်သွားမှာပါ”လို့ မိုက်ခ်က မေလ ၁၅ ရက်နေ့က သူ့အင်စတာဂရမ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Ref: Man Shares An Eye-Opening Pic Showing What Covid-19 Did To Him After 6 Weeks In A Hospital

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top