လူနာတင်ကားကို ခိုးယူဖို့ ကြိုးစားခဲ့တဲ့အမျိုးသား

18-8-2020-yyl-006.jpg

အမျိုးသားတစ်ဦးဟာ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေ လူနာတစ်ဦးကို ဆေးကုသပေးနေတဲ့ လူနာတင်ကားထဲကို ဝင်ရောက်ပြီး ခိုးယူဖို့ကြိုးစားခဲ့တယ်ဆိုတဲ့ ဗီဒိယိုတစ်ခု လူမှုကွန်ယက်အကောင့်မှာ ပျံ့နှံံ့နေပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ဘလက်ပူးလ်မြို့မှာ အသက်ကြီးရွယ်အိုတစ်ယောက် နေမကောင်းဖြစ်နေတာအတွက် လူနာတင်ကားတစ်စီးကို ခေါ်ခဲ့ပါတယ်။ လူနာတင်ကားရောက်လာတော့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက လူနာကို တင်ပြီး လိုအပ်တဲ့ကုသမှု အနည်းငယ်လုပ်နေတုန်းမှာ တစ်စုံတစ်ယောက်က သူတို့ယာဉ်ထဲဝင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဆေးးဘက်ဆိုင်ရာဝန်ထမ်းတွေက လူနာကို ဆေးကုသရင်းတန်းလန်းနဲ့ အဲဒီအမျိုးသားကြောင့် ဗျာများခဲ့ရပါတယ်။

ထွက်ရှိလာတဲ့ဗီဒီယိုမှာ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားတဲ့ အမျိုးသားတစ်ဦးက ကားမှတ်တိုင်နားမှာ ထိုးရပ်ထားတဲ့ လူနာတင်ကားနားကပ်လာတာကို မြင်တွေ့ခဲ့ရပါတယ်။ အစက အနောက်ဘက်တံခါးပေါက်ကို လည်ပတ်မကြည့်ခင် ကားမောင်းသမားရဲ့ ပြတင်းပေါက်ကို ကြည့်ရင်းနဲ့ ယာဉ်ကို စူးစမ်းနေခဲ့တာပါ။ တစ်စုံတစ်ယောက်ရှိမလားလို့ စစ်ဆေးကြည့်ရှုပြီးတဲ့နောက်မှာ ကားမောင်းသမားဘက်ခြမ်းက တံခါးကို ဖွင့်ခဲ့ပါတယ်။ ကံကောင်းစွာနဲ့ပဲ ဆေးဘက်ဆိုင်ရာဝန်ထမ်းနှစ်ဦးက ရှေ့ခန်းမှာ တစ်စုံတစ်ယောက် ရှိနေပြီဆိုတာ သိသိချင်းမှာပဲ ကားနောက်ခန်းကနေ ထွက်လာပြီး အဲဒီအမျိုးသားကို ဖမ်းဆီးဖို့ ကြိုးစားခဲ့ပါတယ်။

ကားသူခိုးဖြစ်နိုင်ဖွယ်ရှိတဲ့ အဲဒီအမျိုးသားကို ဆေးဘက်ဆိုင်ရာဝန်ထမ်းနှစ်ဦးက ကားအပြင်ကို ထုတ်ဖို့ကြိုးစားခဲ့ပြီးတဲ့နောက်မှာ သူ့ကို မြေပြင်ပေါ်မှာ မလှုပ်အောင်ချုပ်ထားနိုင်ခဲ့ပါတယ်။ အဲဒီနောက် ရဲကို အကြောင်းကြားခဲ့ပြီး အဲဒီအမျိုးသားကို ဖမ်းဆီးခဲ့ပါတယ်။ လူနာတင်ကားထဲက လူနာကိုလည်း ဆေးရုံပို့ဆောင်ပေးနိုင်ပါတယ်။ Lancashire Police က ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “အသက် ၅၁ နှစ်အရွယ်အမျိုးသားကို ခိုးမှုနဲ့ Class B (သို့) Class C ဆေးဝါးလက်ဝယ်တွေ့ရှိမှုတို့ကြောင့် ဖမ်းဆီးထားပါတယ်။ စစ်ဆေးစုံစမ်းမှုတွေ လုပ်ဆောင်နေတယ်”လို့ ပြောပါတယ်။

https://www.youtube.com/watch?v=0tlbrG_rYQY

Ref: Ladbible “Man Tries To Steal Ambulance As Paramedics Are Treating Patient Inside”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top