အိန္ဒိယမှာ ဟိုတယ်၊ စားသောက်ဆိုင်တွေကို ဝန်ဆောင်ခတောင်းခွင့် ပိတ်ပင်

6-7-2022-01.jpg

ဟိုတယ်၊ စားသောက်ဆိုင်တွေအနေနဲ့ ငွေတောင်းခံလွှာထဲမှာ ဝန်ဆောင်ခ (Service Charge) ထည့်မတောင်းဖို့ အိန္ဒိယနိုင်ငံရဲ့ စားသုံးသူကာကွယ်ရေးအာဏာပိုင်တွေက တားမြစ်လိုက်ပါပြီ။ စားသုံးသူတွေအနေနဲ့ ဝန်ဆောင်ခ မပေးချင်ဘဲ ပေးနေရတယ်ဆိုတဲ့ စောဒကတက်မှုတွေ များပြားလာပြီးနောက်မှာ အာဏာပိုင်တွေက အခုလို အမိန့်ချမှတ်ခဲ့တာပါ။

အိန္ဒိယစားသောက်ဆိုင်တွေဟာ ဝန်ဆောင်ခလို့ ခေါင်းစဉ်တပ်ပြီး ကျသင့်ငွေရဲ့ ၅ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းအထိ တောင်းခံလေ့ရှိပါတယ်။ ၂၀၁၇ ခုနှစ်မှာ အိန္ဒိယနိုင်ငံ စားသုံးသူအရေးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ စားသုံးသူတွေဟာ Menu ထဲမှာ ရေးထားတဲ့ ဈေးနှုန်းနဲ့ အခွန်ငွေသာ ပေးချေရမယ်လို့ ဖော်ပြထားပါတယ်။ စားသောက်ဆိုင်တွေအနေနဲ့ စားသုံးသူရဲ့ သဘောတူညီချက်မပါဘဲ ဝန်ဆောင်ခတောင်းခံတာဟာ မျှတမှုမရှိဘူးလို့ စားသုံးသူအရေးဌာနက ဆိုပါတယ်။

စားသောက်ဆိုင်တွေက သူတို့ရဲ့ဝန်ထမ်းတွေကို ထိုက်သင့်တဲ့ လုပ်ခလစာပေးဖို့၊ ကုန်ကျစရိတ် ကာမိစေဖို့ ဈေးနှုန်းတွေကို တိုးမြှင့်သတ်မှတ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒါပေမဲ့ စားသောက်ဆိုင်တွေကတော့ ငွေတောင်းခံလွှာမှာ ဝန်ဆောင်ခ ထည့်သွင်းတောင်းခံနေဆဲပါပဲ။

ပြီးခဲ့တဲ့လက အိန္ဒိယနိုင်ငံ စားသောက်ဆိုင်များ အစည်းအရုံး(NRAI)နဲ့ တွေ့ဆုံချိန်မှာတော့ ဝန်ဆောင်ခ အတင်းအကျပ် ပေးနေရတယ်ဆိုတဲ့ တိုင်ချက်တွေ ပိုများလာကြောင်း အစိုးရအာဏာပိုင်တွေက ပြောခဲ့ပါတယ်။
ဒါပေမဲ့ ဝန်ဆောင်ခတောင်းတာ တစ်ဆိုင်ချင်းနဲ့သက်ဆိုင်တဲ့ မူဝါဒဖြစ်ပြီး တရားမဝင်တောင်းတာ မဟုတ်ဘူး၊ စားသောက်ဆိုင်တွေက ဝန်ဆောင်ခတောင်းလို့ အစိုးရအတွက် အခွန်ငွေတောင် ပိုရသေးတယ်လို့ NRAI က တုံ့ပြန်ခဲ့ပါတယ်။

Ref: BBC

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top