ကိုယ့်ကိုယ်ကို သတ်သေနိုင်ချေ ရှိသူတွေကို ဖော်ထုတ် တားဆီးသွားမယ့် Facebook

facebook-live-suicide-prevention.png

Facebook ပေါ်မှာ တင်တဲ့ status တွေ၊ အပြန်အလှန်ပေးတဲ့ comment တွေက တဆင့် ကိုယ့်ကိုယ်ကို သတ်သေသွားနိုင်ချေရှိတယ်လို့ ယူဆရတဲ့ Facebook အသုံးပြုသုတွေကို ရှာဖွေ တားဆီးသွားမယ့် Artificial Intelligence (AI) နည်းပညာသစ်ကို Facebook က စတင် အသုံးပြုလျက် ရှိနေပါပြီ။
လက်ရှိအချိန်မှာတော့ အမေရိကန်နိုင်ငံမှာပဲ အသုံးပြုနေသေးတာ ဖြစ်ပါတယ်။

Facebook အသုံးပြုသူ တစ်ယောက်ယောက်က ပြင်းပြင်းရှရှ ထိခိုက်ခံစားတာတွေ ၊ နာကျင်ကြေကွဲရတာတွေနဲ့ ပတ်သက်ပြီး post တင်တာတွေ၊ comment ပေးသူတွေက “မင်း အဆင်ပြေရဲ့လား”  စသဖြင့် မေးတာတွေ ရှိလာရင်  facebook ရဲ့ AI စနစ်က အလိုအလျောက် အလုပ်လုပ်မှာ ဖြစ်ပြီး ကွန်ရက်အဖွဲ့အစည်းဆီကို ဆက်သွယ်သွားမှာ ဖြစ်ပြီး Facebook က တဆင့် အဲဒီ လူတွေကို သူငယ်ချင်းနဲ့ စကားပြောဖို့၊ အကြံပေးဆွေးနွေးတဲ့ ဖုန်းလိုင်း/ ဆက်သွယ်ရေးလိုင်း တစ်ခုခု နဲ့ ဆက်သွယ်ဖို့ နဲ့ အကြံဉာဏ်ရယူဖို့ စတာတွေ ထဲက တစ်ခုခု ရွေးချယ်ဖို့ အကြံပြုလာမှာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံက အကြံပေးဆွေးနွေးတံ အဖွဲ့အစည်းတစ်ခုနဲ့ facebook ပူးပေါင်းဖြစ်ခဲ့ပြီး messenger ကနေ တဆင့် ဆွေးနွေးမှုရယူသွားနိုင်အောင် စီစဉ်ထားတာ ရှိပါတယ်။ ဒီထက် ပိုများပြားတဲ့ အဖွဲ့အစည်းတွေကို ဆက်သွယ်သွားဖို့လည်း ဆက်လက်ကြိုးစားနေကြပါတယ်။

တကယ်လို့များ တစ်ယောက်ယောက်က facebook live ကနေ သေကြောင်းကြံစည်မှုနဲ့ ဆက်စပ်တာတွေအကြောင်း ဖော်ပြ ပြောဆိုလာရင် ဘယ်လိုလုပ်မယ်ဆိုတာကိုလည်း facebookရဲ့ ပညာရှင်တွေ တိုင်ပင်ဆွေးနွေးကြပါသေးတယ်။ အစက ဒီလို ပြောဆိုလာရင် ဗီဒီယို လိုင်းကို ဖြတ်တောက်လိုက်မယ်လို့ ပြောကြပေမယ့်၊ လိုင်းဖြတ်တောက်လိုက်ရင် သေကြောင်းကြံစည်သူကို အကူအညီပေးနိုင်ဖို့ ပို ခက်ခဲသွားမှာ ဖြစ်တာမို့ တခြား နည်းလမ်းတစ်ခုကို သုံးခဲ့ပါတယ်။ ဒါကတော့ ဗီဒီယို ကြည့်နေကြတဲ့ live လွှင့်သူရဲ့ မိတ်ဆွေတွေကိုလည်း သူတို့ မိတ်ဆွေ (live လွှင့်နေသူ) ကို အားပေးဆွေးနွေးဖို့ facebook က အကြံပြုပေးမှာ ဖြစ်ပါတယ်။ Live လွှင့်နေသူကိုလည်း အထက်စာပိုဒ်မှာ ပြောခဲ့တဲ့ အတိုင်း ဆက်သွယ် အကြံပြုလာမှာ ဖြစ်ပါတယ်။

ဒါတွေက ပိုထိရောက်တဲ့ နည်းလမ်းလို့ ယူဆရမှာပါ။ ဒါပေမဲ့ လက်ရှိအချိန်မှာ ဒီ နည်းစနစ် နဲ့ တုံ့ပြန်မှုတွေကို အမေရိကန်နိုင်ငံမှာပဲ ရပါသေးတယ်။ ဒီလို နည်းပညာတွေ သုံးပေမယ့် တစ်ဖက်ကလည်း လူတွေရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စရပ်တွေကို ထိပါးစွက်ဖက်တဲ့ ပုံမျိုး မဖြစ်အောင် facebook အနေနဲ့ တတ်နိုင်သလောက် ကြိုးစားသွားမယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ အလားတူ AI နည်းပညာမျိုးကို အသုံးပြုပြီး အကြမ်းဖက်သမားတွေ၊ စိတ်အနှောင့်အယှက်ဖြစ်စရာ ကိစ္စရပ်တွေကို ဖော်ထုတ်တားဆီးသွားမယ်လို့ Facebook တည်ထောင်သူ မတ်ခ် ဇက်ကာဘက်ခ် (Mark Zuckerberg) က ဆိုပါတယ်။

ကျော်သန့် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top