စားသောက်ဆိုင် ပိုင်ရှင်ရဲ့ လုပ်ငန်းမိတ်ဖက် ဖြစ်လာခဲ့တဲ့ ပန်းကန်ဆေးသမား

noma.jpg

ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂန် (Copenhagen )မှာ ရှိတဲ့ နာမည်ကြီး စားသောက်ဆိုင် တစ်ဆိုင် ဖြစ်တဲ့ နိုမာ(Noma) စားသောက်ဆိုင်ဟာ သူတို့ဆီမှာ နှစ်ရှည်လများ အလုပ် လုပ်ကိုင်လာခဲ့တဲ့ ပန်းကန်ဆေးသမားကြီးကို စားသောက်ဆိုင်ရဲ့ အမြတ်အစွန်းတွေ ခွဲဝေပေးသွားတော့မယ့် လုပ်ငန်းမိတ်ဖက်အဖြစ် သတ်မှတ်ခဲ့ပါတယ်။


ပန်းကန်ဆေးသမားကြီး အယ်လီဆွန်ကို (Ali Sonko )ဟာ ဂမ်ဘီယာ (Gambia ) နိုင်ငံက လာရောက် အခြေချလုပ်ကိုင်နေသူ တစ်ဦးဖြစ်ပြီး လက်ရှိအချိန်မှာ အသက် ၆၂ နှစ် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ သူဟာ ကမ္ဘာ့ထိပ်တန်း စားသောက်ဆိုင် စာရင်းဝင်ဆိုင် တစ်ဆိုင်ဖြစ်တဲ့ နိုမာ စားသောက်ဆိုင်မှာ ပန်းကန်ဆေးသမားအဖြစ် လုပ်ကိုင်နေခဲ့တာ ဆယ်စုနှစ်တစ်ခု ကျော်နေခဲ့ပါပြီ။

အခုအခါမှာတော့ စားသောက်ဆိုင်တည်ထောင်သူတွေထဲက တစ်ဦးလည်း ဖြစ်၊ နာမည်ကျော် စားဖိုမှူးလည်း ဖြစ်တဲ့ ရီနေ ရက်ဒ်ဇက်ပေ (Rene Redzepi) က ပန်းကန်ဆေးသမားကြီး ဆွန်ကို့ကို လုပ်ငန်းမိတ်ဖက်အဖြစ် သတ်မှတ် ကြေငြာပေးခဲ့တာပါ။ ဆွန်ကိုနဲ့ အတူ စားသောက်ဆိုင် မန်နေဂျာနှစ်ဦးကိုလည်း လုပ်ငန်းမိတ်ဖက်အဖြစ် သတ်မှတ်ခဲ့တာပါ။ ရီနေ ရက်ဒ်ဇက်ပေက အလုပ် လုပ်ရာမှာ အမြဲ တက်ကြွ ပျော်ရွှင်နေတတ်တဲ့ ဆွန်ကို့ကို “ နိုမာ စားသောက်ဆိုင်ရဲ့ နှလုံးသားဝိဉာဉ် “ လို့ တင်စား ဂုဏ်ပြုခဲ့ပါတယ်။

ရေရှည်လက်တွဲ လုပ်ကိုင်လာတဲ့ ဝန်ထမ်းကို ထိုက်သင့်သလို ချီးမြောက်တာဟာ ကောင်းတဲ့ လုပ်ရပ်ဖြစ်တယ်ဆိုပေမယ့် တစ်ဖက်မှာလည်း ဒီ လုပ်ရပ်အတွက် ဝေဖန်သံတွေ အနည်းနဲ့အများ ရှိနေမှာ အသေအချာပါပဲ။

နိုမာ စားသောက်ဆိုင်ဟာ ၂၀၁၀ ကနေ ၂၀၁၂ အထိ သုံးနှစ် ဆက်တိုက်နဲ့ ၂၀၁၄ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး စားသောက်ဆိုင်ဆုကို ရရှိခဲ့ပါတယ်။ ပုံမှာ မြင်နေရတာကတော့ ၂၀၁၂ ခုနှစ် ဆုပေးပွဲအခမ်းအနားကို ဆွန်ကို (ပုံရဲ့ အောက်ဘက်အတန်း ၊ ညာဘက် အစွန်ဆုံး လူ) ပါ တက်ရောက်ခဲ့တဲ့ မှတ်တမ်းပဲ ဖြစ်ပါတယ်။

Ref: CNNMoney ; “Dishwasher made partner at one of the world’s top restaurants”

ကျော်သန့် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top