ဆရာဝန်တွေကို အစွဲချွတ်ပြီး ကလေးငယ် ၆၅၀၀ ကို အသက်ကယ်ခဲ့တဲ့ ဖန်ပေါင်းချောင်ဆရာဝန်

28-6-2022-yyl08.jpg

သူဟာ ဆရာဝန်လိုင်စင်မရှိပေမဲ့ ”ဖန်ပေါင်းချောင်ဆရာဝန်”လို့ လူသိများကျော်ကြားခဲ့ပြီး လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးငယ် ၆၅၀၀ လောက်ကို အသက်ကယ်တင်ပေးနိုင်ခဲ့သူပါ။၁၉၀၀ ပြည့်နှစ်တစ်ဝိုက်တုန်းက မျိုးဗီဇသန့်ရေး အယူအဆ ခေတ်စားပြီး ဆရာဝန်တွေကိုယ်တိုင်က လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးတွေကို မျိုးဗီဇအားနည်းသူတွေလို့ ရှုမြင်ကြပါတယ်။ ဒါကြောင့် လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးတွေကို ” သူ့ထိုက်နဲ့ သူ့ကံ” ဆိုပြီး ပစ်ထားလေ့ရှိပါတယ်။ ဒါကြောင့် အဲဒီအချိန်တုန်းက လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးအများစု အသက်ရှင်ကြတာ တော်တော်နည်းပါတယ်။

ဒါပေမဲ့ မာတင်ကူနေးက အဲဒီအယူအဆကို တိုက်ဖျက်ခဲ့ပါတယ်။ ကမ္ဘာ့ကုန်စည်ပြပွဲမှာ လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးတွေကို ဖန်ပေါင်းချောင်ထဲ ထည့်ပြီး စောင့်ရှောက်ထားတာကို သူ တွေ့သွားခဲ့တာပါ။ အဲဒီအချိန်တုန်းက ပြင်သစ်နိုင်ငံဟာ လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးတွေကို စောင့်ရှောက်မှုအပိုင်းမှာ ကမ္ဘာ့ထိပ်တန်းဖြစ်ပြီး အမေရိကန်နိုင်ငံက အများကြီး ပြတ်ကျန်နေချိန်ပါ။

မာတင်ကူနေးက နောက်ဆုံးပေါ် ဖန်ပေါင်းချောင်တွေကို ဥရောပကနေ တိုက်ရိုက်တင်သွင်းပါတယ်။ ၁၉၀၃ ခုနှစ်တစ်ဝိုက်က လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးတစ်ယောက်ကို စောင့်ရှောက်ရတဲ့စရိတ်က မနည်းပါဘူး။ တစ်နေ့ကို ၁၅ ဒေါ်လာလောက် ကုန်ပါတယ်။ ဒါပေမဲ့ မာတင်ကူနေးက ကလေးမိဘတွေဆီကနေ တပြားတချပ်မှ မတောင်းပါဘူး။

သူက လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးတွေကို ဖန်ပေါင်းချောင်ထဲထည့်ပြီး ပြပွဲလုပ်ပါတယ်။ နယူးယော့ခ်မြို့ Coney Island ရဲ့ ကစားကွင်း ၂ ကွင်းမှာ သူက ဖန်ပေါင်းချောင်ထဲ ထည့်ထားတဲ့ ကလေးတွေကို ပြပွဲလုပ်တာပါ။ ” ဖန်ပေါင်းချာင်ထဲက ရှင်သန်နေသော ကလေးငယ်များ” လို့ ဆိုင်းဘုတ်ထောင်ထားတဲ့ သူ့ပြပွဲကို ကြည့်ချင်ရင်တော့ တစ်ယောက်ကို ၂၅ ဆင့် ပေးရပါတယ်။

အထူးအဆန်း ဖြစ်နေတဲ့ ဒီမြင်ကွင်းကို လူတွေ ကြိတ်ကြိတ်တိုး လာကြည့်လို့ ကူနေးက လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးငယ်တွေကို စောင့်ရှောက်ဖို့ စရိတ် ကျေတဲ့အပြင် သူ့ရဲ့သူနာပြုတွေ၊ ဆရာဝန်တွေကိုလည်း လစာကောင်းကောင်း ပေးနိုင်ခဲ့ပါတယ်။ သူလည်း တော်တော်ဝင်ငွေကောင်းခဲ့ပါတယ်။

မာတင်ကူနေးက နှစ် ၅၀ ကြာကာလအတွင်း ပြပွဲအများအပြား ပြသခဲ့ပြီး လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးငယ် ၈၀၀၀ လောက်ကို စောင့်ရှောက်ပေးခဲ့တဲ့အနက် ၆၅၀၀ လောက်ကို အသက်ကယ်တင်ပေးနိုင်ခဲ့ပြီး ၈၅ ရာခိုင်နှုန်းအထိ အောင်မြင်မှု ရရှိခဲ့တာပါ။

၁၉၄၀ ပြည့်နှစ်တစ်ဝိုက်မှာတော့ ဆေးပညာအသိုင်းအဝိုင်းက ကလေးငယ်တွေကို ဖန်ပျောင်းချောင်ထဲထည့်ပြီး စောင့်ရှောက်ပေးတဲ့နည်းလမ်းကို အလေးအနက် စဉ်းစားလာကြပြီး ၁၉၄၃ ခုနှစ်မှာတော့ Cornell New York ဆေးရုံမှာ မွေးကင်းစကလေးငယ် အထူးစောင့်ရှောက်ရေးဌာန ထည့်သွင်းဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ မာတင်ကူနေးက သူ့ရဲ့ပြပွဲတွေကို အဆုံးသတ်ခဲ့ပြီး သူ လုပ်ရမယ့်အလုပ်တွေ ပြီးဆုံးသွားပြီလို့ ဆိုခဲ့ပါတယ်။ ၁၉၅၀ ပြည့်နှစ်မှာတော့ အသက် ၈၀ အရွယ်မှာ ကွယ်လွန်သွားခဲ့တာပါ။

Ref: Martin Couney Turned Premature Babies Into A Carnival Sideshow — And Saved Their Lives

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top