မြွေဆိပ်ကနေ သွေးတိတ်စေမယ့်ဂျယ် ထုတ်လုပ်

28-6-2022-yyl12.jpg

သြစတြေးလျနိုင်ငံ ကွင်းစ်လန်းတက္ကသိုလ်က ဇီဝပစ္စည်း သုတေသီတွေဟာ အချိန်တိုအတွင်း သွေးတိတ်အောင် လုပ်ပေးနိုင်မယ့် ဂျယ်တစ်မျိုးကို မြွေဆိပ်ကနေ ထုတ်လုပ်နိုင်ခဲ့ပါတယ်။သြစတြေးလျနိုင်ငံမှာ တွေ့ရတဲ့ အဆိပ်ပြင်း မြွေညိုနဲ့ လွှပုံအကြေးခွံရှိတဲ့ မြွေပွေးရဲ့အဆိပ် (၂)မျိုးထဲက ပရိုတိန်းဓာတ်တွေကို ထုတ်ပြီး သွေးတိတ်စေမယ့်ဂျယ် ဖော်စပ်ခဲ့တာပါ။

ပုံမှန်အားဖြင့် သွေးခဲစေဖို့ အချိန် (၈)မိနစ် ကြာမြင့်ပေမဲ့ အဲဒီဂျယ်ကို သုံးလိုက်ရင် တစ်မိနစ်အတွင်း သွေးခဲစေမှာပါ။ လွှပုံမြွေပွေးရဲ့အဆိပ်ကနေရတဲ့ Ecarin က သွေးခဲမှုဖြစ်စဉ်ကို မြန်ဆန်စေပြီး မြွေညိုရဲ့အဆိပ်ကနေ ရရှိတဲ့ textilinin က သွေးခဲတွေ အရည်မပျော်အောင် ထိန်းပေးပါတယ်။

မြွေကိုက်ခံရတဲ့အခါ မြွေဆိပ်မှာပါတဲ့ Pro-coagulant (သွေးခဲစေတဲ့) ပရိုတိန်းကြောင့် သွေးကြောတွေထဲဆီ သွေးစီးဆင်းမှု ရပ်တန့်သွားတဲ့အခါ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ၊ တစ်သျှူးတွေ သွေးမရောက်ဘဲ လူသေဆုံးမှု ဖြစ်ရတာပါ။

မြွေဆိပ်ကနေ ထုတ်ယူထားတဲ့ ဂျယ်မှာတော့ သွေးထွက်နေတဲ့ နေရာကိုပဲ ပရိုတိန်း သက်ရောက်စေမှာဖြစ်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ပျံ့နှံ့စေမှာ မဟုတ်ပါဘူး။ အဲဒီဂျယ်ဟာ အပူချိန်ကို တုံ့ပြန်နိုင်စွမ်းရှိလို့ အေးခဲတဲ့နေရာမှာ သိုလှောင်ထားရင် အရည်ပုံစံ ဖြစ်နေပြီး ခန္ဓာကိုယ်မှာ လိမ်းသုတ်လိုက်ရင်တော့ ခန္ဓာကိုယ်အပူချိန်ကြောင့် ခဲသွားပြီး အနာကို အုံပြီးသားဖြစ်စေမှာပါ။

ကြွက်တွေနဲ့ စမ်းသပ်မှုအရ အဲဒီဂျယ်ဟာ သွေးထွက်မှုပမာဏ ၄၈ ရာခိုင်နှုန်းကနေ ၁၂ ရာခိုင်နှုန်းအထိ လျော့နည်းစေကြောင်း တွေ့ရပါတယ်။ ဒါဟာ ဒဏ်ရာပြင်းထန်သူတွေကို သွေးထွက်လွန်လို့ အသက်ဆုံးရှုံးမယ့် အန္တရာယ်ကနေ ကာကွယ်ပေးနိုင်မယ်လို့ သုတေသီတွေက မျှော်လင့်ထားကြပါတယ်။ ဒါ့အပြင် ဒဏ်ရာအကျက် မြန်စေလိမ့်မယ်လို့လည်း မျှော်လင့်နေပါတယ်။ လက်ရှိအချိန်မှာတော့ တိရစ္ဆာန်တွေနဲ့ပဲ စမ်းသပ်နေဆဲဖြစ်ပြီး လူတွေနဲ့ စမ်းသပ်လို့ အောင်မြင်ခဲ့ရင်တော့ အများအပြား ထုတ်လုပ်နိုင်ဖို့ ပြင်ဆင်နေပါတယ်။

Ref: Made From Snake Venom, These Hydrogels Could Treat Uncontrolled Bleeding

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top